Tuesday, October 3, 2017

ခေါင်းချွန်ချွန် ခါးကြီးကြီး အမြီးရှည်ရှည်



အမေရိက ခရီးစဉ် ပြီးကတည်းက ရက်နှစ်ဆယ်လောက် အဆက်အသွယ် ပြတ်နေပြီး အရင်တစ်ပတ်ကမှ စကားပြောဖြစ်ခဲ့ကြတယ်။ ကလေးတွေကို လေ့ကျင့်ပေးပုံအကြောင်း ထည့်ပြောလို့ မှတ်သားလိုက်ရသေးတယ်။ ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ လမ်းကြောင်းမှန်ဖို့ လူကြီးတွေက လမ်းညွှန်ပေးတာတဲ့။

“သပ်သပ်ရပ်ရပ် ကိုယ့်အိပ်ယာနဲ့ကိုယ် . . . ကလေးတွေလည်း နှိုးစက်နဲ့ အိပ်ကြရတာပဲ။ ကျောင်းချိန်မီဖို့ လုပ်ကြရတယ်။ လူကြီးက အလုပ်သွားနေရတာ။ ကလေးက အိမ်အရင်ပြန်ရောက်ရင် သူ့ဟာသူ အိမ်စာလုပ်။ သူ့ဟာသူ စား။ တီဗီ ကြည့်ချင် သူ့ဟာသူကြည့်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင်၊ လုပ်တတ်ကိုင်တတ် နေတတ်ထိုင်တတ်အောင်။ ကျောင်းကလည်း ဒါတွေ သင်ပေးတာပဲ။ ကလေးတွေကို မရိုက်ရဘူး။ ရိုက်ရင် ကလေးတွေက သက်ဆိုင်ရာကို ဖုန်းဆက်ပြီး တိုင်တာပဲ။ ကလေးက လူကြီးကို ပြန်ပြောတာမျိုးကျတော့ မြန်မာတွေ အမြင်မှာ . . . ရိုင်းစိုင်းတာပေါ့။ နင်တို့ကလေးက ဆိုးလိုက်တာ . . . ပြောကြတယ်။ ကလေးကို မရိုက်ရဘူး ဆိုပေမယ့် စည်းမဲ့ကမ်းမဲ့ ပစ်ထားတာတော့ မဟုတ်ပါဘူး။ မလုပ်ရဘူးဆိုတာကို . . . ကလေးတွေ လုပ်ကို မလုပ်ရဘူး။ ကလေးက တောင်းဆိုလည်း မရဘူး။ လူကြီးက ရှင်းပြတယ်။ မင့်အသက်အရွယ်မှာ ဒါ . . . လုပ်လို့ မရသေးဘူး။ မင်း အရွယ်ရောက်တဲ့အခါ . . . မင်း လုပ်နိုင်တယ်။ ရှင်းပြတော့ ကလေးလည်း လက်ခံရတာပဲ။ မရဘူး။ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရတယ်။”

-----

ရွာဘက်က ကျောင်းသားမိဘတွေရဲ့ ရင်ဖွင့်သံလည်း ဖုန်းထဲကနေ စီးဆင်းလာတာပဲ။

“တပည့်တော် ရောက်သွားတော့ . . . မနက် ကိုးနာရီလောက်ထိ အိပ်နေကြတုန်း။ သူတို့နေရာလည်း ရှုပ်ပွနေတာ . . .။ ကလေးတွေ ဘွဲ့ရဖို့သာ ကျောင်းထားရတာ . . . ကျောင်းကို မထားသင့်တော့ပါဘူး ဘုရား . . .။ ပျက်စီးကြတယ်။ အဆောင်မှာ နေကြတာလေ။ အဆောင်ကလည်း . . . အဆောင်ဆောက်ပြီး ငှားစားတာပဲ။ အဆောင်ခ ပိုက်ဆံယူပြီး . . . နေကြတော့လို့ ပစ်ထားလိုက်တော့တာ။ ကလေးတွေ စုပေါင်း နေကြတော့ . . . အထိန်းအကွပ်က မရှိတော့ဘူး။ ကျောင်းမှ သွားကြရဲ့လား မသိပါဘူး ဘုရား . . .။ အိမ်ကနေ ဖုန်းဆက်မေးတော့လည်း . . . ဖုန်းထဲကပြောတာဆိုတော့ . . . ဘယ်ရောက်နေမှန်း မသိဘူး။ သူတို့ ပြောတဲ့အတိုင်းပဲ။ ကိုယ်မှ မမြင်ရတာ။ လိမ္မာတဲ့ ကလေးတွေတောင် ပျက်စီးသွားမှာ စိုးရတယ်။ ကျောင်းတက်တယ်တာ ပြောတာ . . . လောင်းကစားရော . . . အသောက်အစားရော။ တပည့်တော်ဖြင့် စိတ်ညစ်တော့တာပဲ။”

“စီးပွားရေးသမားတွေကလည်း သားသမီးချင်း မစာနာ . . . လုပ်စားကြတာပဲ။ အဆောင်တွေနားမှာ အပေါင်ဆိုင် ရှိတယ်။ ကျောင်းသားတွေ ပေါင်ထားတဲ့ ဆိုင်ကယ်တွေ . . . တန်းစီနေတာပဲ။ ကိုယ့်ဆိုင်ကယ် ကိုယ်ပေါင်။ သူ့များဆိုင်ကယ် ယူပေါင်။ တစ်ယောက်တည်း ခုနစ်စီး ရှစ်စီး ပေါင်တာ။ အမိန့်ရ အပေါင်ဆိုင်ဆိုရင် အစိုးရက အရေးယူလို့ မရဘူးလား မသိပါဘူး။ အရက်ဆိုင် ဘီယာဆိုင်တွေကလည်း . . . မူးရူးပြီး . . . ကျောင်းသားချင်း ရန်လုပ် . . . အဆောင်လာပြီး သောင်းကျန်းသွားတာ . . . အကုန်ရိုက်ခွဲသွားတာ တဲ့။ ကွန်ပျူတာ ပေါက်ခွဲလို့ . . . ပြင်ရင် ခုနစ်သောင်းလောက် ကုန်မှာ တဲ့။ ငယ်ငယ်က မဆိုးပါဘူး ဘုရား . . .။”

-----

လူငယ်များအတွက် အားတက်ဖွယ် အသံနဲ့ စိတ်ပျက်စရာ စကား။ ဒီဘက်က စိတ်ပျက်စရာ စကားကို ကျောင်းသားမိဘ ဆီကပဲ ကြားလိုက်ရတာ။ ကျောင်းသူမိဘ ဆီကတော့ ခုထိ မကြားရသေးဘူး။ ကြားလိုက်ရတဲ့ မဖြစ်သင့်တဲ့ ကိစ္စတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ ဒီလူငယ်တွေရဲ့ ပညာရေး၊ သွားရေးလာရေး၊ နေရေးထိုင်ရေးနဲ့ အနာဂတ် လှနိုင်ပါ့မလား။ သူတို့နဲ့ တည်ဆောက်ရတဲ့ ဒီနိုင်ငံကရော . . . မြေပုံထဲကလို အချွန်အတက်တွေနဲ့ ခါးကြီးကြီး ခေါင်းချွန်ချွန် အမြီးရှည်ရှည်ပဲလား။ ဒါပဲလား။

:)
ရှင်အာစာရ
(ခေတ္တ - မန္တလေး)

No comments:

Post a Comment