Friday, July 21, 2017

အမေ့ထံ ပေးစာ







သို့
မယ်တော်ကြီး ဒေါ်ကောင်းဆင့်
ရင်းရဲရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း
ရက်စွဲ - ၂၁/၇/၂၀၁၇

မနေ့က နယူးယောက်မှာရှိတဲ့ အမေရိကန် သဘာဝသမိုင်းပြတိုက် (American Museum of Natural History) ရောက်ခဲ့ရာကနေ စာရေးဖြစ်ခဲ့တာပါ။ အဲ့ဒီပြတိုက်အတွက် ရင်းရဲရွာမှာ အသုံးပြုတဲ့ ပစ္စည်းပစ္စယ နည်းနည်းပါးပါး လှူချင်လို့ စာရေးပြီး အကူအညီတောင်းလိုက်ပါတယ်။ ရှာဖွေစုဆောင်းပေးပါ။

လောက်လေးခွ၊ ကြွက်ထောင်ကြောက်၊ နင်းကြမ်းထောင်ကြောက်၊ ကျော့ကွင်းအမျိုးမျိုး၊ ငါးပိုးထိုးပိုက်၊ ယုန်ပိုက်၊ မုန့်လေပွေပိုက်နဲ့ မုန့်လေပွေလုပ်နည်း လုပ်ဟန်၊ ထန်းပလပ်နွားရုပ်၊ ထန်းပလပ်မြင်းရုပ် စတဲ့ ပစ္စည်းတွေ လှူလိုက်ရင် ပြတိုက်အတွက် အကျိုးရှိမယ် ထင်ပါတယ်။ တစ်ခြား အသုံးတည့်မယ့် စိတ်ဝင်စားစရာ ပစ္စည်းတွေလည်း စုပေါင်းစုဆောင်းပြီး လှူကြတာပေါ့။ ရပ်ကျေးဥက္ကဋ္ဌကို ပြောပေးပါ။ ရွာကလူတွေနဲ့ တိုင်ပင်ပြီး ပစ္စည်းတွေ စုပေးပါ။ သနားစရာကောင်းတဲ့ အမေရိကန် လူမျိုးတွေကို ကူညီချင်လို့ပါ။

သူတို့ခမျာ အဲ့ဒါမျိုးလေးတွေ ပြစားနေကြရတယ်။ ကမ္ဘာပေါ်မှာ ရှိခဲ့တဲ့၊ ရှိနေတဲ့ နိုင်ငံမျိုးစုံ လူမျိုးပေါင်းစုံရဲ့ ဓလေ့မျိုးစုံ သဘာဝမျိုးစုံကို ပြတိုက်ကြီးထဲမှာ သူ့နေရာနဲ့သူ ထည့်ပြထားတယ်။ ဘယ်လူမျိုးက ဘာတွေလုပ်တယ်၊ ဘယ်လိုလုပ်တယ်၊ ဘာတွေစားတယ်၊ ဘယ်လိုတီးမှုတ်တယ်၊ ဘယ်လိုသီဆိုတယ်၊ ဘယ်လိုအမဲလိုက်တယ်၊ ဘယ်လိုငါးမြှားတယ်၊ ဘယ်လိုစိုက်ပျိုးတယ်၊ ဘာတွေယုံကြည်တယ် စတာတွေ ပါတာပေါ့။

ဒေသပေါက်ပင် ဆူးခက် ဆူးကိုင်းလေးတွေက အစ အာကာထဲက ပြုတ်ကျလာတဲ့ အလေးချိန် သုံးဆယ့်လေးတန်ရှိတယ်ဆိုတဲ့ သံခဲကြီး အဆုံး၊ စာကလေးက အစ ဒိုင်နိုဆောအဆုံး။ မျောက်ကနေ လူအဖြစ် ပြောင်းလဲလာတဲ့ ဆင့်ကဲဖြစ်စဉ်၊ စကြဝဠာအစ မဟာပေါက်ကွဲမှုကြီး။ နောက်ဆုံးဖွင့်လိုက်တဲ့ ပြခန်းတစ်ခုကတော့ မမ်မီတွေကို သူတေသနပြုထားတဲ့ အခန်းပဲ။ လုံခြုံအောင် ထုပ်ပိုးမြှုပ်နှံခဲ့တဲ့ အီဂျစ်က မမ်မီအလောင်း အမျိုးမျိုးအကြောင်းပါ။ မမ်မီအလောင်းကို အထုပ်လိုက် စီတီစကင် ရိုက်ကြည့်ပြီး အသက်ရှင်တုန်းက ဘယ်လိုကိုယ်ဟန်၊ ဘယ်လိုမျက်နှာထား ရှိခဲ့မယ်ဆိုတာကို ပုံဖော်ကြည့်ထားတယ်။
ပြကွက် အစုံကို ကမ္ဘာအရပ်ရပ်က ဧည့်သည်အစုံ လာကြည့်ကြတော့ ပိုက်ဆံတွေ သောက်သောက်လဲ ရတာပေါ့။ တစ်ယောက်တစ်ယောက်အတွက် ပြတိုက်ဝင်ကြေး ဒေါ်လာသုံးဆယ် ပေးရတယ်။ လာကြည့်တဲ့သူတွေကတော့ တစ်နေကုန် တန်းစီပြီး ဝင်နေကြတာ။

အဲ့ဒါကြောင့် ပြတိုက်ထဲမှာ ရင်းရဲရွာဆိုတာ ဘာလို့ ပြောပြဖို့ ရွာကပစ္စည်းတွေ ရနိုင်သလောက် စုပြီး လှူကြမယ်။ ရွာကလူတွေရဲ့ ဘဝကို သရုပ်ဖော်ပြမယ်။ ရွာအကြောင်း ပြောချင်တာထက် သနားစရာကောင်းတဲ့ အမေရိကန်တွေ ဝင်ငွေပိုကောင်းလာအောင် ကူညီချင်တာက အဓိကပါ။



:)
ရှင်အာစာရ

No comments:

Post a Comment