Wednesday, September 28, 2011

Kathina Benefits


Q 1)  Why Kathina Robes only offered between the days following the full moon of October to the full moon of November?
Q 2)  Seems like most temples having it on 16th October. How is the date chosen annually?
Q 3)  Why Kathina Robes are offered to the Sanga and not to any individual monks?
Q 4)  What are the 5 Kathina benefits for monks?
Q 5)  Why these 5 benefits for monks only for 5 months?
Q 6)  It's mentioned benefits for donors are in every existence? Does this mean donors will get these benefits in this life and future lifes? If so, why monks only benefit for 5 months and donors in all lifes?
Q 7)  Any evidence to prove that donors do get these 5 benefits? Somehow I feel the benefits stated are a little bit exaggerating. :-p

----------

Answers many be found in the following. :)

At the time of the Buddha, the Kathina season began at the end of rains-retreat and it lasted for one month (as it is today). The early Kathina was simply a robe-making activity of the monks. During the three months of rains-retreat, pieces of cloth would be collected by the monks. At the end of the rains-retreat, the primitive monks celebrated the Kathina by making a Kathina robe with their combined effort from the pieces of cloth collected. Thus, the robe should be a common property of the monks. A worthy monk among the monks would be nominated to receive the robe. It is believed at that time the lay devotees did not participate in the monks' Kathina celebration (robe-making activity). This explains why there is no evidence to prove that donors do get Kathina benefits. In the Theravada Tipitaka texts, Kathina benefits for lay devotees are not found!

One month Kathina season is ascertained according to the Vinaya and it cannot be changed. But any day of the month can be chosen to conduct Kathina celebration.

With or without Kathina celebration, during the Kathina season (one month), monks are entitled to enjoy the five Kathina benefits. The period of Kathina benefits is extended from one month to five months by celebrating Kathina. By enjoying the Kathina benefits, monks do not need to practice some Vinaya rules. This period (1 or 5 months) of release should not be very long.

Kathina benefits for monks are:
(1)   going to families without informing other monks in their vicinity;
(2)   going on tour without carrying the heavy double-layered robe;
(3)   having a group meal, (group meal is food accepted in improper way. For example, when a lay devotee offers food to a monk it should be said: "I offer this alms-food" or "This is alms-food" so that the food is properly accepted. Similarly to be said: "alms-cake, alms-apple, etc" by adding the formal term "alms".);
(4)   using as many robes as one desires;
(5)   sharing the robes of Kathina benefit among the particular monks who are entitled to enjoy the Kathina benefits.

As said earlier, Kathina benefits for lay devotees are not found in the Theravada texts. Thus, Kathina benefits for lay devotees are assumed and often exaggerated too much.

Here is an assumption: According to the Bhojana Sutta of the Anguttara Nikaya, one who donates alms-food donates the following five elements - life, beauty, happiness, strength and wisdom. In return, the donor gets the same benefits - “life, beauty, happiness, strength and wisdom.”

Similarly, Kathina donors offer the five Kathina benefits to monks by making Kathina donation and thus there should be corresponding Kathina benefits for them.

The donor of Kathina robe donates monks these five chances: the chance to go round without informing other monks, the chance to go round without carrying the heavy double-layered robe, the chance to eat group meal (explained above), the chance to use or keep extra robes, the chance not to share the robes of Sangha’s property with other monks who do not participate in the Kathina.

As such, the donors of Kathina robe will enjoy these five corresponding benefits:
1)    there will be no disturbance and danger wherever they go;
2)    their belongings will not be destroyed by enemies even when the belongings are away from them;
3)    they will have plenty of sumptuous food and will not have poisonous food;
4)    their property will be kept safe even if being left forgotten for a long time;
5)    they will gain greater profits than others on their commercial undertakings including winning lottery.
(Assumption of U Ariya, Nyaung Lay Bin Forest Monastery, Myanmar)

:)
Ashin Acara


Monday, September 26, 2011

တရားမင်းသခင် - ၂၈။ ရာဟုလောဝါဒ


ဘုရားရှင်သည် ခမည်းတော်မင်းကြီး၊ သာဝကြီး နှစ်ပါးတို့နှင့်အတူ နန်းဆောင်အတွင်းသို့ ဝင်တော်မူ၏။ ပြင်ဆင်ခင်းကျင်းထားသည့် နေရာ၌ ဘုရားရှင် ထိုင်တော်မူပြီးသောအခါ သုဒ္ဓေါဒနမင်းကြီးသည် ကြမ်းပြင်ပေါ်၌ သားငယ်ရာဟုလာနှင့်အတူ ထိုင်နေသည့် ယသောဓရာကို ညွှန်ပြလျက် ဘုရားရှင်အား လျှောက်ထား၏။

“သားတော်ဘုရား . . . သားတော်ဘုရား အနော်မာမြစ်ကမ်းမှာ အဝါရောင်သင်္ကန်း ဆင်မြန်းလိုက်ပြီလို့ သတင်းကြားတဲ့နေကစပြီး ဒီနေ့ထိအောင်ပဲ ယသောဓရာဟာ ဝတ်ကောင်းစားလှတွေ မဝတ်တော့ဘဲ အဝါရောင်သင်္ကန်းနဲ့တူတဲ့ ဝတ်ရုံကြမ်းကြမ်းတွေပဲ ဝတ်ပါတော့တယ် ဘုရား . . .။ သားတော်ဘုရား ဝေသာလီမှာ ဒုက္ကရစရိယာ ကျင့်နေပြီလို့ ကြားရတော့လည်း သူက အစာမာတွေ မစားတော့ဘဲ အရည်ကိုသာ သောက်ပါတော့တယ်။ သားတော်ဘုရား အစာပြန်စားပြီလို့ ကြားရတော့မှ သူလည်း အစာပြန်စားတာပါ။ ကြီးကျယ်ခမ်းနားတဲ့ အိပ်ယာနေရာတွေကိုလည်း အသုံးမပြုတော့ပါဘူး။ အမွှေးနံ့သာတွေလည်း မလိမ်းမခြယ်တော့ပါဘူး။ အသားငါးလည်း မစားတော့ပါဘူး။ မှတ်မိပါသေးတယ် သားတော်ဘုရား . . . သူ့ဖခင်က သူ့ကိုပြန်ခေါ်မယ်၊ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးမယ်ဆိုတုန်းက သူ့ဖခင်ရှေ့မှာ ဒူးထောက်ပြီး ငိုနေရှာတာ . . .။ သားတော် ချန်ထားခဲ့တဲ့ ခြေနင်းတော်အစုံကို ရင်ခွင်မှာ ပွေ့ပိုက်ပြီး ငိုရှာတာ . . .။ အဲဒီ ခြေနင်းတော်ကို သူက မနက်တိုင်း မနက်တိုင်း ပန်းတွေနဲ့ပူဇော်ပြီး ရှိခိုးတာလေ။ သားတော်ကို လွမ်းလွန်းလို့ ခမည်းတော် ပူဆွေးရတယ် ငိုကြွေးရတယ် ဆိုရင်လည်း ခမည်းတော်ကို သူက နှစ်သိမ့်ရသေးတယ် . . .။ သားတော်အတွက် မပူဆွေးဖို့၊ သားတော်အတွက် ဆုတောင်းမေတ္တာသာ ပို့သဖို့ ခမည်းတော်ကို သူ သတိပေးရတာလည်း အကြိမ်တစ်ထောင် ဘယ်ကမလဲ။ သားတော် . . . ခုတော့ သားတော်အတွက် ခမည်းတော် ဂုဏ်ယူပါတယ်။ လူသားတွေအတွက် သားတော်က ကြီးမြတ်တဲ့ စွန့်လွှတ်စွန့်စားမှု ပြုခဲ့တယ်ဆိုရင် ယသောဓရာလို မိန်းမတစ်ယောက်ရဲ့ စွန့်လွှတ်အနင့်နာခံမှုဟာလည်း မြင့်မြတ်လှပါပေတယ် သားတော်ဘုရား . . .။”

“ခမည်းတော် . . .။ ယသောဓရာ သားတော်ကို ပါရမီဖြည့်ခဲ့တာဟာ ဒီတစ်ဘဝတည်း မဟုတ်ပါဘူး။ ဘဝများစွာ သံသရာမှာ ယသောဓရာဟာ သားတော်ရဲ့ ပါရမီဖြည့်ဖက် ဘဝဖော်တွေ အကြိမ်ကြိမ် ဖြစ်ခဲ့တာပါ။ သူဟာ မြင့်မြတ်သူပါ။ သူဟာ ကြီးမြတ်သူပါ။”

မိခင်၏ အနီး၌ရှိနေသော သားတော်လေး ရာဟုလာသည် ဘုရားရှင်၏ မျက်နှာတော်ကို တစ်ချိန်လုံး ငေးစိုက်ကြည့်နေ၏။ ရာဟုလာသည် တိတ်ဆိတ်ညင်သာစွာ မတ်တတ်ရပ်လိုက်ပြီး ဘုရားရှင်၏ ထံတော်ပါးသို့ တစ်လှမ်းချင်း တိုးသွား၏။ စကား တစ်ခွန်းမျှ မပြောဘဲ ဘုရားရှင်၏ သင်္ကန်းတော်ကို တို့ကိုင်ကြည့်လိုက်ပြီး ဘုရားရှင်၏ ဒူးတော်နှစ်ဘက်ပေါ်၌ လက်တင်ထားလျက် ဘုရားရှင်၏ မျက်နှာတော်ကို မော်ဖူးလိုက်၏။

“ကလေး ရာဟုလာ . . .။ ငါ့ အရိပ်ခိုရတာ သဘောကျသလား။”

“သဘောကျတာပေါ့ ဖေဖေ။”

ရာဟုလာ အလွန်အမင်း ပျော်ရွှင်နေသည်။ သူ ကြောက်လည်းမကြောက်ပေ။ စိတ်ထွေပြားမှုလည်း ကင်းနေ၏။ ဘုရားရှင်နှင့် ပို၍နီးအောင် တိုးကပ်လိုက်သည်။ ထို့နောက် ဘုရားရှင်၏ ဒူးတော်ပေါ် တင်ထားသည့်လက်ဖြင့် ဘုရားရှင်၏ လက်ခလယ်တော်ကို တို့ပုတ်ကြည့်ရင်း စိတ်ထဲမှာ ပြောနေ၏။

“လက်ချောင်းကြီးတွေ သန့်ရှင်းလိုက်တာ။ နူးညံ့လိုက်တာ။”

“ကလေး ရာဟုလာ . . . အေးချမ်းတဲ့ ငါ့အရိပ်မှာ ထာဝရ ခိုလှုံချင်တယ်ဆိုရင် ငါလို ရဟန်းပြုရလိမ့်မယ်။ ရဟန်းပြုဖို့ ဆိုတဲ့ကိစ္စကလည်း ကလေးအတွက် လွယ်တာမဟုတ်ဘူး။ ရဟန်းဘဝဆိုတာ နန်းတော်ထဲမှာ နေရတာလို သက်တောင့်သက်သာ မရှိဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ ကြွယ်ဝတာ မဟုတ်ဘူး။ ခမည်းတော် မင်းကြီးကလည်း ကလေးကို ထီးရိုက်နန်းရာ လွှဲအပ်ဖို့ ဆန္ဒရှိနေတယ်။ ခမည်းတော် မင်းကြီးဆီက ထီးမွေနန်းမွေကို ခံယူမလား၊ ငါ့ဆီက ဓမ္မအမွေကို ခံယူမလားဆိုတာ ကလေး အရွယ်ရောက်မှပဲ ကလေး ကိုယ်တိုင် ရွေးခြယ်ဆုံးဖြတ်ရမှာပါ။ ဓမ္မအမွေကို ခံယူမယ်ဆိုရင်တော့ လေ့လာသင်ယူစရာတွေ အများကြီး မရှိပါဘူး။ ကျင့်ကြံစရာတွေကလည်း ရိုးရိုးရှင်းရှင်းတွေပါပဲ။ ထီးနန်းအမွေ ခံယူပြီး တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ် ဆိုရင်တော့ အများကြီး လေ့လာရလိမ့်မယ်။ တိုင်းကျိုးပြည်ကျိုး သည်ပိုးထမ်းရွက်တဲ့ နေရာမှာလည်း ပြုဖွယ်ကိစ္စတွေ အများကြီး ရှိလိမ့်မယ်။”

ရာဟုလာသည် ဘုရားရှင်ကို စကားတုံ့ပြန်ခြင်း မရှိဘဲ ဘုရားရှင်၏ မျက်နှာတော်ကို ငေးလျက်သာ ငြိမ်သက်စွာ နားထောင်နေ၏။ ဘုရားရှင်က ဆက်လက်၍ မိန့်တော်မူ၏။

“ရာဟုလာ . . . ကလေးက ငယ်သေးတော့ မင်းတို့ကျင့်ဝတ် ဆယ်မျိုးကို သိမယ်မထင်ဘူး။ ထီးနန်းအမွေ ခံယူတယ်ဆိုရင် ကျင့်သုံးတတ်အောင် မင်းကောင်းမင်းမြတ်တို့ရဲ့ အကျင့်ဆယ်မျိုးကို မှတ်သားထားပါ။ မင်းကောင်းမင်းမြတ်တို့ဟာ ဒါနကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ ရဟန်းပုဏ္ဏား သူတော်စင်တွေကို လှူဒါန်းကြတယ်။ ပရိစ္စာဂကျင့်ဝတ်ကို ကျင့်သုံးတဲ့ အနေနဲ့ အမှုထမ်းတွေကို လစာရိက္ခာ လုံလုံလောက်လောက် ပေးကြတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကိုလည်း ပေးကမ်းထောက်ပံ့ကြတယ်။ သီလ ဆောက်တည်ပြီးတော့ သီလကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ ဖြောင့်မတ်မှန်ကန်ခြင်း အဇ္ဇဝကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အပြောအဆို အပြုအမူ သိမ်မွေ့ခြင်း မဒ္ဒဝကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အခါအားလျော်စွာ ဥပုသ်သီတင်း ဆောက်တည်ပြီးတော့ တပကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အမျက်ဒေါသ မထွက်ဘဲ အက္ကောဓကျင့်ဝတ်ကို ကျင့်သုံးကြတယ်။ အဝိဟိံသန ကျင့်ဝတ်ကို ကျင့်သုံးတဲ့ အနေနဲ့ ရဟန်းရှင်လူ ပြည်သူတွေကို မနှိပ်စက်ကြဘူး။ မညှင်းဆဲကြဘူး။ သည်းခံခြင်း ခန္တီကျင့်ဝတ်ကို ဖြည့်ဆည်းကြတယ်။ ပြည်သူ့ဆန္ဒကို မဆန့်ကျင်ကြဘူး။ ဒါကတော့ အဝိရောဓန ကျင့်ဝတ်ပဲ။ ကလေးအနေနဲ့ ကျင့်ဝတ်ဆယ်မျိုးကို မှတ်သားဖို့ ခက်တယ်ဆိုရင် နောက်ဆုံးဖြစ်တဲ့ အဝိရောဓန ကျင့်ဝတ်ကိုပဲ မှတ်သားထားပါ။ အဝိရောဓန ကျင့်ဝတ်ကို ကျင့်နိုင်တယ်ဆိုရင် ကျန်တဲ့ကျင့်ဝတ်တွေကိုပါ ကျင့်သုံးပြီးသား ဖြစ်သွားပါလိမ့်မယ်။

နောက်ပြီးတော့ ရာဟုလာ . . . မင်းကောင်းမင်းမြတ်တို့ဟာ ရဟန်း ရှင် လူ ပြည်သူတွေ လှုပ်လှုပ်ရွရွ မဖြစ်ရလေအောင်၊ တိုင်းနိုင်ငံတော် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ နေပြည်တော် ငြိမ်ဝပ်ပိပြားအောင် စီမံပေးတတ်ကြတယ်။ နေပြည်တော်ကို အုပ်ချုပ်တဲ့အခါမှာ အကြမ်းမဖက်ကြဘူး။ ရာဇပရိယာယ် ကြွယ်ကြွယ်နဲ့ ပြည်သူတွေ ကိုယ့်ဘက်ပါအောင် သွေးဆောင်စည်းရုံး သိမ်းသွင်းနိုင်ကြတယ်။ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို ရင်အုပ်မကွာ ကွပ်ကဲအုပ်ချုပ်သလို တိုင်းသူပြည်သားတွေကို အကြင်နာနဲ့ ဖိစီးပြီး အုပ်ချုပ်ကြတယ်။ ရှေးမင်းတွေရဲ့ ကျင့်ထုံးဟောင်း၊ လုပ်နည်းကောင်းတွေကို ကျင့်သုံးကြတယ်။ ရှေးကနည်းကောင်းတွေကို မပယ်ကြဘူး။ အခွန်အတုပ်လည်း အများကြီး မကောက်ကြဘူး။ ပြည်သူတွေ ပူပန်အောင် နှိပ်စက်တဲ့ အာဏာရှင်ဆိုးကြီးတွေ မဟုတ်ကြဘူး။ ပြည်သူကို သနားကြင်နာကြတယ်။

ရာဟုလာ . . . ကောင်းကင်မှာ သာနေတဲ့ တိမ်စင်လမင်းကြီးဟာ လောကကြီး အပေါ်မှာ အေးမြတဲ့ အလင်းဓာတ်တွေ ဖြန့်ချပေးနေတယ်။ လမင်းကြီးဟာ နေလို မပူဘူး။ အေးမြတယ်။ ကြယ်တွေရံတဲ့ လမင်းကြီးဟာ ကျက်သရေရှိတယ်။ အလားတူပဲ မင်းကောင်းမင်းမြတ်တို့ဟာလည်း တိုင်းနေပြည်တော် အပေါ်မှာ လမင်းလိုကျင့်ကြတယ်။ ကြယ်ရံတိမ်စင် လမင်းကြီး တင့်တယ်သလို မတ်ပေါင်းရံတဲ့ မင်းကောင်းမင်းမြတ်တွေဟာ တင့်တယ်ကြတယ်။ တိုင်းပြည်ကို ပွင့်လင်းစေကြတယ်။ စည်ပင်ကြီးပွားစေကြတယ်။ ကိုယ့်တိုင်းပြည်ထောင်ကို ကိုယ့်ဟာကိုယ် ပြန်ပြီး ကန့်သတ်ပိတ်ဆို့ မထားကြဘူး။ တိုင်းတစ်ပါးမင်းတို့ရဲ့ ဝိုင်းပယ်ပိတ်ဆို့ခြင်း၊ ငြင်းပယ်ဒဏ်ခတ်ခြင်းကိုလည်း မခံကြရဘူး။  ပြည်သူလူထုကရော ကမ္ဘာ့လူထုကပါ ‘ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ’လို့ ချီးကျူးထောမနာ အပြုခံရကြတယ်။

ရာဟုလာ . . . မှတ်သားစရာတွေ များနေပြီလား။ လိုရင်းမှတ်ဖို့က လွယ်ပါတယ်။ တိုင်းသားပြည်သူ ရဟန်းရှင်လူတွေကို ကျောသားရင်သား မခွဲခြားဘဲ သနားကြင်နာဖို့နဲ့ တိုင်းသားပြည်သူ ရဟန်းရှင်လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါပဲ။”

နှုတ်ဆိတ်နေသူ ရာဟုလာသည် စိတ်ဝင်တစား နားထောင်နေ၏။ ယသောဓရာလည်း နှစ်ထောင်းအားရစွာ နားထောင်လျက်ရှိနေသည်။ သုဒ္ဓေါဒန မင်းကြီးကား ဘုရားရှင်၏ စကားဝါကျ တစ်ခုတစ်ခု ဆုံးတိုင်းဆုံးတိုင်း ခေါင်းတညိတ်ညိတ် ရှိနေလေတော့၏။

:)
ရှင်အာစာရ


ကျမ်းညွှန်းမှတ်စု
------------------
“ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ ခန္တိဉ္စ အဝိရောဓနံ။”
(မဟာဟံသဇာတက၊ အသီတိနိပါတ စသည်။ CSCD)
---
"ခပ်သိမ်းပြည်သူ၊ ရဟန်းလူကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စေကြောင်း၊ ဖြည့်ဖြားယောင်းလျက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်မပြင်း၊ သနားခြင်းဖြင့်၊ နှိပ်နင်းကလူ၊ မပူစေရ၊ ကွပ်ဆုံးမလျက်၊ ထွန်းပပြောင်ပြောင်၊ မိုးထက်ခေါင်နှိုက်၊ အရောင်ချမ်းလွန်၊ လဗိမာန်လျှင်၊ ပူပန်မရှိ၊ ငြိမ်းလေဘိသို့၊ ကြယ်တိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ကျင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်။     ။ လူများကောင်းချီးတွန်စေမင်း။"
[ကန်တော်မင်းကျောင်းဆရာတော်
(ရတနာပူရ ပြည်အင်းဝတွင် ဒုတိယမင်းခေါင်း၏ အရီးတော်ဆရာ)
စာ - ၁၀ - ၁၁၊ "လောကသာရပျို့"၊ ကဝိမျက်မှန်စာပုံနှိပ်တိုက်၊ ၁၉၄၇]
---
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

Gone with Wind

Temporarily Homeless
(MV Buddha Image after a Thunderstorm in the Morning, 26Sep11)

Thursday, September 22, 2011

တရားမင်းသခင် - ၂၇။ ခြေတော်အစုံ ဦးခိုက်လျက်


ဘုရားရှင် ကြွတော်မူလာလိမ့်မည်ဟု ကြားသိထားသော ယသောဓရာသည် နေထွက်ချိန်ကတည်းက ပြတင်းပေါက်မှနေ၍ လမ်းမဆီ မျှော်ငေးနေ၏။ ဘုရားရှင်နှင့် တပည့်သား သံဃာတော်များ ရောက်လာချိန်၌ အတော်အတန်ပင် နေမြင့်နေေလေပြီ။ လမ်းမတလျှောက် ကြွတော်မူလာသည့် ဘုရားရှင်ကို မြင်လိုက်ရသော ယသောဓရာ ပီတိသောမနဿ ဖြာသွား၏။ ယသောဓရာ တစ်ယောက်တည်း ရေရွတ်နေလေသည်။

“အို . . . အရှင်ဟာ . . . ကောင်းကင်ပြာထဲက ကြယ်တာရာ ခြံရံတဲ့ လမင်းကြီးလို ပါပဲလား . . .။”

“မေမေ . . . ဘာလဲ”ဟု ယသောဓရာ၏ အနီး၌ ကစားနေသော ခုနစ်နစ်အရွယ် သားငယ်လေး ရာဟုလာက အပြစ်ကင်းသည့် လေသံဖြင့် မေး၏။

“သား . . . မင့်ဖေဖေပေါ့။ ဒီမှာ မင့်ဖေဖေ။ သား လာလာ။ သား မြင်ရအောင် သားကို မေမေ ပွေ့ထားမယ်။ ကြည့်စမ်း။ သား မြင်လား။ အဝါရောင် အတန်းရှည်ကြီးရဲ့ ရှေ့ဆုံးကနေ လျှောက်လာနေတာ မင့် ဖေဖေပဲ။ အဲဒါ မင့်ဖေဖေပဲ။”

သိတတ်စ အရွယ်ကတည်းက ဖခင်ကို မမြင်ဖူးသေးသူ ရာဟုလာက မှတ်ချက်ချ၏။

“မေမေ . . . သူတို့က ဘုန်းဘုရားတွေပဲ။”

“ဟုတ်ပါ့။ ရှေ့ဆုံးက မင့်ဖေဖေ ဗုဒ္ဓရှင်တော်လေ။”

ယသောဓရာသည် ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်မြူးတူးနေ၏။

“မေမေ . . . သားဖေဖေ ဘုန်းဘုရားက သားတို့ကို လာတွေ့တာလား။”

“သား . . . အေးကွယ် . . . မေမေနဲ့သားကို တွေ့ဖို့ သူ ဒီကို လာချင်လာမှာပါ . . .။”

သန့်စင်လင်းလက် အနှောင်အတွယ်မဲ့၍ ကြည်လင်ချမ်းမြေ့သော ဘုရားရှင်၏ မျက်နှာတော်ကို ယသောဓရာ မြင်နေရ၏။ ရာပေါင်းများစွာသော ရဟန်းတော်တို့ ဘုရားရှင်၏ နောက်တော်ပါးမှ လိုက်ပါလျက် ရှိနေသော်လည်း မည်သည့်ရဟန်းတော်ကိုမှ ယသောဓရာ မကြည့်ပေ။ ယသောဓရာ မြတ်နိုးခဲ့ရသော ယခုတိုင်လည်း မြတ်နိုးရဆဲဖြစ်သော လမ်းမတလျှောက် လျှောက်လာနေသည့် ဤ ယောက်ျားမြတ် နန်းတော်တွင်းသို့ ဝင်လေရာ ယသောဓရာ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားစဉ် ယသောဓရာ၏ ရင်ဝယ် ရုတ်တရက် စူးစူးရှရှ ဆို့ဆို့နင့်နင့် ခံစားလိုက်ရ၏။ ယသောဓရာသည်  နာကျင်သည့် ရင်တွင်းဝေဒနာ ပြင်းလွန်းသည်ဖြစ်၍ သားတော်လေးကို ပွေ့လျက်နှင့် ပုံလျက်သား လဲကျသွားပြီး ရှိုက်ကြီးတငင် ကျယ်လောင်စွာ ငိုလေ၏။

“မေမေ . . .။ မငိုပါနဲ့။ မေမေ . . .။ သားတို့ဆီကိုလည်း ဖေဖေ လာမှာပါ။”

သားငယ်လေး ရာဟုလာသည် မိခင်၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သုပ်ပေးနေရင်း မိခင်ကို နှစ်သိမ့်နေ၏။

“မေမေ . . .။ ဘာလို့ ငိုတာလဲ . . .။”

 ရာဟုလာလေး၏ မျက်လုံးတို့၌လည်း မျက်ရည်များ ပြည့်လျှမ်းလာ၏။ သူ့အသက်ထက် ပို၍ပင် တွယ်တာခုံမင် ချစ်ခင်ရသူ မိခင်၏ သောကကို ကူးယူ ခံစားလိုက်ရ၍ ရာဟုလာလည်း ငိုလေ၏။ ရာဟုလာ၏ ပါးပြင်တို့၌ မျက်ရည်ဖြိုင်ဖြိုင် စီးကျလျက် ရှိနေသည်။

“မငိုနဲ့ သား . . .။ မငိုပါနဲ့ သားရယ် . . .။”

ယသောဓရာသည် ငိုရှိုက်မှုကို ထိန်းချုပ်ရင်း သားငယ်၏ ဦးခေါင်းကို ဖွဖွ ပွတ်ပေးနေ၏။

“သားက ဘာဖြစ်လို့ ငိုရတာလဲ . . .။”

“မေမေငိုလို့ သားလည်း ငိုတာပေါ့။ မေမေက ဘာဖြစ်လို့ ငိုတာလဲ။”

“သား . . . ဒီသောကကို မေမေ မျိုသိပ်ခဲ့ရတာ ခုနစ်နစ် ရှိပြီ . . . ။ . . . မင့်ဖေဖေ ပြန်လာပြီ။ ဒါပေမယ့် ဒီမှာနေဖို့ ပြန်လာတာ မဟုတ်ဘူး။ သားရယ် . . . သူက မေမေတို့ကို ထားခဲ့ပြီး ပြန်ထွက်သွားအုံးမှာ . . .။ အဲဒါကြောင့် မေမေ ငိုမိတာ . . .။”

ယသောဓရာသည် အိပ်ခန်းဆောင်သို့ ဝင်လိုက်ပြီး အိပ်ယာထဲ၌ သားလေးရာဟုလာကို ပွေ့ပိုက်ထားရင်း ငိုနေ၏။ ယသောဓရာ၏ အိပ်ခန်းထဲသို့ ကျွန်မ ခုဇ္ဇုတ္တရာ အပြေးအလွှား ဝင်ရောက်လာသည်။

“အရှင်မ . . . မင်းသမီး . . .။ ထပါ ထပါ။ ထပါ အရှင်မ။ မျက်ရည်တွေ သုတ်လိုက်ပါ။ သူ လာနေပြီ။ သူ လာနေပြီ . . .။”

ယသောဓရာသည် အိပ်ယာထဲမှ ခုန်ထွက်လိုက်ပြီး မျက်ရည်သုတ်ကာ ရာဟုလာကိုပင် မေ့ထားခဲ့ပြီး အရူးမ တစ်ယောက်ကဲ့သို့ အောက်ထပ်သို့ ဆင်းပြေး၏။ ထို့နောက် တံခါးဝ၌ ရပ်လျက် နန်းရှေ့ကွင်းပြင်ဆီ ငေးမျှော်ကြည့်နေ၏။

“ဟုတ်တယ် . . . သူပဲ။ မိယသော်နဲ့ မတွေ့တာ ခုနစ်နှစ် ကြာပြီဖြစ်တဲ့ သူပဲ။ မိယသော် အသက်ထက် ပိုပြီးတော့ ချစ်ခဲ့ရတဲ့ သူပဲ။ သဲဖြူခင်းထားတဲ့ နန်းရှေ့ကွင်းပြင်ကို သူ ဖြတ်လျှောက်လာနေပြီ။ သူ့မျက်နှာဟာ ဆီးနှင်းတိမ်တိုက်ထဲက ထွက်ပေါ်လာတဲ့ လမင်းကြီးလိုပါပဲလား . . .။”

တွေးငေးနေသူ ယသောဓရာသည် အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ အပေါ်ရုံ စုလျားကိုကား မခြုံမိခဲ့ပေ။ ကြီးမားနက်ရှိုင်းသည့် ဂေဟဿိတ သံယောဇဉ်ကြောင့် အရူးတစ်ပိုင်း ဖြစ်နေသူ ယသောဓရာသည် ကွင်းပြင်ကို ဖြတ်၍ ဘုရားရှင်ထံသို့ ပြေးလေ၏။ နောက်ဆုံး၌ လက်ခြေပြတ်သည့် တွားသွားသတ္တဝါ တစ်ကောင်ကဲ့သို့ ဘုရားရှင်၏ ရှေ့တော်မှောက်၌ လဲကျသွားပြီး ဘုရားရှင်၏ ခြေတော်အစုံကို နမ်းရှုပ်နေလေ၏။

ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့သည် ဘုရားရှင်၏ နောက်တော်ပါးမှာ ရှိနေကြ၏။ သုဒ္ဓေါဒန မင်းကြီးသည် ဘေးမှာ ရှိနေ၏။ အစပထမ၌ ရာဟုလာကလေးသည် ဘုရားရှင်၏ ထံတော်ပါးသို့ ချဉ်းကပ်ရန် ကြောက်ရွံ့နေ၏။ သို့သော် ဘုရားရှင်၏ မျက်နှာတော်ကို အတန်ကြာအောင် ငေးကြည့်နေရင်း အကြောက်ပြေသွားပြီး မြေပြင်ပေါ်၌ ငိုနေသည့် မိခင်ထံသို့ သွားကာ နှလုံးခုန်ချက် မြန်လွန်း၍ တုန်တုန်ခိုက်ခိုက် ဖြစ်နေသော မိခင်၏ကိုယ်ကို သိမ်းကြုံးပွေ့ဖက်ရင်း ကျောပြင်ကို ပုတ်ပေးနေလေ၏။

ယသောဓရာသည် စကားတစ်ခွန်းမှ မဆိုနိုင်သေးပေ။ သူ့အရှင်၏ ခြေတော်အစုံပေါ်၌ ဦးခေါင်းထိုးချလျက် တသိမ့်သိမ့် ငိုရှိုက်နေလေသည်။ ခြေတော်ရင်း၌ အတန်ကြာအောင်ပင် ငိုကြွေးနေလေရာ အရှင်၏ ခြေတော်အစုံသည် ယသောဓရာ၏ မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုလာ၏။

“အရှင် . . . အို သခင် . . .။ မိယသော်ရဲ့ သိမ်မွေ့တဲ့ နှလုံးသားကို နှစ်သိမ့်ပေးဖို့ စကားပြောပါဦး . . .။ မိယသော် . . . ခုနစ်နှစ်လုံးလုံး သည်းခံစိတ်နဲ့ နေခဲ့ရတာပါ။ မိယသော်ဟာလေ အိပ်မက်တွေထဲမှာပဲ ငိုကြွေးနိုင်ခဲ့တဲ့ သူပါ။ အရှင့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အောင်မြင်ပါစေလို့ အချိန်တိုင်း အချိန်တိုင်း ဆုတောင်းပေးနေခဲ့တာပါ။ ဒါပေမယ့် သခင် . . .။ ခုနစ်နှစ်လုံးလုံး သည်းခံနိုင်ခဲ့တဲ့ မိယသော်ဟာ အရှင့်မျက်နှာ မြင်လိုက်ရတာနဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပါဘူး . . .။”

ကရုဏာတရား ပြည့်ဝတော်မူသည့် ဘုရားရှင်သည် တည်ကြည်လေးနက်သည့် အသံတော်ဖြင့် မိန့်တော်မူ၏။

“ယသောဓရာ . . . လောကသားတွေကို ကယ်တင်အလုပ်အကျွေးပြုဖို့ လောကီစည်းစိမ်တွေ အားလုံးကို စွန့်လွှတ်ရဲခဲ့တဲ့ ငါဟာ ငါနဲ့ခွဲခွာရတဲ့ ဒဏ်ကို ခံနိုင်ဖို့ ငါနဲ့ထပ်တူ သတ္တိတွေရှိခဲ့ပြီး ငါ့ကိုလည်း အားပေးခဲ့တဲ့ မင့်ကို ချီးမွမ်းဖို့ ဝန်မလေးပါဘူး။ မင့်ရဲ့ သတ္တိကို ချီးကျူးပါတယ်။ ဂုဏ်ပြုပါတယ်။ သားတော်ရာဟုလာ . . . မိခင်ကြီးကို ထူမပေးလိုက်ပါ။ နန်းဆောင်ထဲ သွားမယ်။”

ဘုရားရှင်၏ ခြေတော်အစုံပေါ်၌ ရှိနေဆဲဖြစ်သော ယသောဓရာသည် ရွှန်းလဲ့တောက်ပသွား၏။ သူ့မျက်နှာ ပီတိဖြာသွား၏။ သူမျှော်လင့်ခဲ့သော ဂုဏ်ပြုစကားကို ကြားရလိုက်ပြီဖြစ်၏။ သူ့မျက်ရည်တို့ ခြောက်သွားလေပြီ။ သူလည်း အသိ ပြန်ဝင်လာပြီး သူ့မျက်နှာကို ဘုရားရှင်၏ ခြေတော်မှ ခွာကာ မတ်တပ်ရပ်လိုက်၏။ အနည်းငယ် ရှက်ရွံ့နေဟန်တူသည်။ သူ့အနားမှာ ရှိနေသည့် သားလေးရာဟုလာကို မှီထားရင် မြေပြင်ကို ငေးစိုက်၍ ကြည့်နေလေ၏။


:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

Tuesday, September 20, 2011

ကိုယ်ဝန်ဖျက်ချခြင်းအပေါ် ဗုဒ္ဓဘာသာအမြင်

ကိုယ်ဝန်ဖျက်ချထားသော ကလေးငယ်အလောင်းပေါင်း ၂၀၀၀ ကျော်” သတင်းကို ဖတ်ပြီး အံ့သြတုန်လှုပ်ခဲ့ရပါတယ်။ ဆက်ပြီး စဉ်းစားမိခဲ့ပါတယ်။

ဗုဒ္ဓဘာသာအလိုအရ ဘ၀တစ်ခုဟာ ပဋိသန္ဓေက စပါတယ်။ မိခင်ရဲ့ ၀မ်းထဲမှာ သန္ဓေသားအဖြစ် မပီပြင်သေးခင် ကလလရေကြည်တည်ကတည်းက ဘ၀တစ်ခုလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဖျက်ချခြင်းဟာ ပါဏာတိပါတကံထိုက်ပါတယ်။ အဖျက်ခံရတဲ့ ကိုယ်ဝန်က လူ့ကိုယ်ဝန် ဖြစ်နေရင်တော့ ဘာသာရေးအရ လူသတ်မှုပေါ့။

ပါဏာတိပါတကံရဲ့ အလေးအပေါ့ကို ဘာသာရေးအရ ဆုံးဖြတ်ရာမှာ အသတ်ခံရတဲ့ ပုဂ္ဂိုလ်သတ္တ၀ါရဲ့ အရည်အချင်း နဲ့ အရေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ အရည်အချင်းဆိုတာ သီလ သမာဓိ ပညာစတဲ့ ဂုဏ်ရည်ဖြစ်ပါတယ်။ အရေအတွက်ဆိုတာကတော့ ခန္ဓာကိုယ် အကြီးအသေး ဖြစ်ပါတယ်။ အရည်အချင်းနဲ့ ပတ်သက်လို့ ဥပမာ သီလရှိတဲ့သူကို သတ်တာက သီလမရှိတဲ့သူကို သတ်တာထက် ပိုပြီး အပြစ်ကြီးပါတယ်။ ကျေးဇူးကြီးတဲ့သူကို သတ်တာက ကျေးဇူးမကြီးတဲ့သူကို သတ်တာထက် ပိုပြီး အပြစ်ကြီးပါတယ်။ လောကမှာ သီလ သမာဓိ ပညာ အစင်ကြယ်ဆုံး အကြီးမြတ်ဆုံးဖြစ်တဲ့ ရဟန္တာအရှင်သူမြတ်တွေကို သတ်ဖြတ်ခြင်း၊ ကျေးဇူးကြီးမားလှတဲ့ မိဘနှစ်ပါးကို သတ်ဖြတ်ခြင်းတို့ကို အပြစ်အကြီးဆုံးလို့ သတ်မှတ်ပါတယ်။ သေရင် မုချ အပါယ်လားရမယ့် အနန္တရိယကံ (ပဉ္စာနန္တရိယကံမှာပါဝင်)လို့ သတ်မှတ်ပါတယ်။ အရေအတွက်နဲ့ ပတ်သက်လို့ ထင်ရှားအောင် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း ဥပမာနဲ့ ရှင်းပြလေ့ ရှိပါတယ်။ ဆင်ကိုသတ်တာက ခြင်ကိုသတ်တာထက် ပိုပြီး အပြစ်ကြီးပါတယ်။ အသတ်ခံရတဲ့ ပုဂ္ဂိုလ်သတ္တ၀ါရဲ့ ခန္ဓာကိုယ် အကြီးအသေးပေါ် မူတည်ပြီး အင်အားစိုက်ထုတ်မှု စေတနာစိုက်ထုတ်မှု ကွာခြားလို့ဖြစ်ပါတယ်။ ကြီးမားတဲ့သတ္တ၀ါကို သတ်တဲ့အခါမှာ အားစိုက်ထုတ်မှု ကြီးမားတဲ့အတွက် အပြစ်ကြီးလေးပါတယ်။ သေးငယ်တဲ့ သတ္တ၀ါကို သတ်ဖြတ်တာက အားစိုက်ထုတ်မှု နည်းတဲ့အတွက် အပြစ်ပေါ့ပါတယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သန္ဓေသားကို သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းဟာ အရွယ်ရောက်တဲ့လူကို သတ်တာလောက် အပြစ်မကြီးပါဘူး။ သန္ဓေသားရဲ့ အရည်အသွေးရော အရည်အချင်းပါ သေးငယ်နိမ့်ကျနေသေးလို့ သတ်ရတာလည်း (အရွယ်ရောက်သူကို သတ်ရတာနဲ့စာရင်) လွယ်ကူလို့ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ ရှုထောင့်က မြင်ရတဲ့ အပြစ်သာ ဖြစ်ပါတယ်။ လောကပြစ်ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေ (ရှိခဲ့ရင်)နဲ့အညီ ဖြစ်ပါလိမ့်မယ်။

အပြစ်ကြီးကြီးသေးသေး သတ်ဖြတ်မှုမှန်သမျှကို ဗုဒ္ဓဘာသာက ရှုတ်ချပါတယ်။ ပါဏာတိပါတသိက္ခာပုဒ်နဲ့ တားမြစ်ပါတယ်။

ဒီတော့ ဒီကိစ္စကို အားပေးအားမြှောက် မလုပ်သင့်တာ ရှင်းပါတယ်။ ဒါပေမယ့် အသားလွတ် ရှုတ်ချတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကာယကံရှင်တွေ ကိုယ်တိုင်လည်း ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာမျိုး မလွဲသာလို့ လုပ်လိုက်ရတာ မဟုတ်လား။  ရှုတ်ချတာထက် မေတ္တာ ကရုဏာစတဲ့ ကောင်းမြတ်တဲ့ ဗုဒ္ဓဘာသာတရားတော်တွေကို ကျင့်သုံးပြီး ဒီလိုကိစ္စ ဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်တာက ပိုပြီး အကျိုးရှိပါတယ်။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ မွေးလာမယ့်ကလေးကို မယူချင်လို့ အခြေအနေအရ မယူနိုင်လို့ ဖြစ်ရတာပါ။ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ဒီနေ့ခေတ်မှာ နည်းမျိုးစုံနဲ့  ကာကွယ်နိုင်ပါတယ်။ ဥပမာ - ပညာပေးခြင်း၊ သွန်သင်ဆုံးမခြင်း။ မိခင်က မလိုချင်တဲ့ ကလေးငယ်ကို အသတ်မခံရအောင် သွယ်ဝိုက်တဲ့နည်းနဲ့ အကာအကွယ် ပေးနိုင်ပါတယ်။ ဥပမာ  - ကလေးမွေးစားမှုဓလေ့ ထွန်းကားစေခြင်း။

:)
ရှင်အာစာရ
21Nov10

Sunday, September 18, 2011

ဆယ်မိနစ်တရား ("ကံ-ဥာဏ်-၀ီရိယ")

ဆယ်မိနစ်တရား
"ကံ-ဥာဏ်-၀ီရိယ"
-----
မန်လည်ဆရာတော်၏ ဓမ္မရသခံစားနားလည်မှုကို
တောင်မြို့ ဘုန်းကြီး ဟောတတ်သလို ပြန်ဟောပြသည်။

Saturday, September 17, 2011

ဆယ်မိနစ်တရား ("ပျင်းတောင်ပျင်းသေးတယ်")

ဆယ်မိနစ်တရား ("ပျင်းတောင်ပျင်းသေးတယ်")
အရှင်ဇနကာဘိဝံသ
------

မြန်မာ နှင့် ကမ္ဘာ 
- ကြီးပွားခြင်း မကြီးပွားခြင်း
- ဗုဒ္ဓဘာသာဟုတ်ခြင်း မဟုတ်ခြင်း
နှင့် စပ်မလျဉ်း၍ 
သာသနာ့ဝံသာနုဆရာတော်ကြီး၏ အဆုံးအမ

Thursday, September 15, 2011

တရားမင်းသခင် - ၂၆။ ဘဝအမြင်


ဘုရားရှင်သည် တဲအိမ်ငယ် တစ်လုံးရှေ့၌ မျက်လွှာချ၍ သပိတ်ပိုက်လျက် ရပ်တော်မူနေ၏။ အပေါ်ဝတ် မပါသော စဏ္ဍာလ အမျိုးသမီးငယ်လေး တစ်ဦးသည် ဘုရားရှင်၏ ထံတော်ပါးသို့ ရောက်လာ၏။ ကလေးငယ်သည် အချိုထည့်ထားသည့် ပဲနောက်စိမ်းပြုပ် သုံးဆုပ်ကို ဘုရားရှင်၏ သပိတ်ထဲသို့ လောင်းလှူလိုက်ပြီး ဘုရားရှင်ကို လက်အုပ်ချီနေ၏။

နှင်းလွှာနှင်းချပ်တို့ကို ဖြတ်ကျော်နင်းလျှောက်လာသူ သုဒ္ဓေါဒန မင်းကြီးသည် ဘုရားရှင်၏ အနီး၌ ရပ်လိုက်၏။ မင်းကြီး ငိုနေသည်။ ဒေါသကြောင့် တုန်တုန်ခိုက်ခိုက် ဖြစ်နေသည်။ ရှိုက်ကြီးတငင်နှင့် မျက်ရည်သုတ်ရင်း ဘုရားရှင်ကို လျှောက်ထား၏။

“သားတော်ဘုရား . . .။ ဘယ်လောက် မတော်မတရားနိုင်လိုက်ပါသလဲ . . .။ အခုလို . . . ဇာတ်နိမ့်တစ်ယောက်ရဲ့ အိမ်တံစက်မြိတ်အောက်မှာ သားတော်ဘုရားကို လက်ခံတွေ့ဆုံ ကြိုဆိုရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ အိုကြီးအိုမ ခမည်းတော်ကြီးကို ဘာဖြစ်လို့ နှိပ်စက်စော်ကားရတာလဲ သားတော်ဘုရား . . .။ ခမည်းတော်တို့ဟာ သုဒ္ဒတွေဆီကဆိုရင် ရေတစ်ပေါက်တောင် သောက်တာ မဟုတ်ဘူး . . .။ ဒီကြားထဲ . . . သားတော်ဘုရားက ဘာဖြစ်လို့ ဒီ အိမ်တံစက်မြိတ်မှာ မလပ်ဆတ်တဲ့ ပဲနောက်စိမ်းတွေ လာတောင်းနေရတာလဲ။ ခမည်းတော်ကို အရှက်မခွဲပါနဲ့ သားတော်ဘုရား . . .။ မြင့်မြတ်တဲ့ သာကီမင်းဆက် အသရေပျက်အောင် မလုပ်ပါနဲ့ . . .။”

“ခမည်းတော် . . . ခမည်းတော်ကိုရော ခမည်းတော်ရဲ့ သာကီမင်းဆက်ကိုပါ မစော်ကားပါဘူး။”

“သားတော်ဘုရား . . . သုဒ္ဒတွေဟာ ခမည်းတော်တို့ရဲ့ ကျွန်တွေပါ။ သူတို့ရဲ့ အိမ်တံစက်မြိတ်မှာ သူတို့ဆီကနေ တောင်းစားတာဟာ အသရေ မယုတ်ဘူးလား။”

“မင်းကြီး . . .။ တောင်းတာမဟုတ်ပါဘူး။ အလှူခံတာပါ။ အရိယာတို့ရဲ့ အသက်မွေး ဝမ်းကြောင်းမှုက ဒီလိုပါပဲ။ သားတော်ရဲ့ အစဉ်အဆက်ဟာ သာကီမင်းဆက် မဟုတ်ပါဘူး။ ဗုဒ္ဓနိုင်ငံတော် တရားမင်းဆက်ပါ။ ဘုရားအဆူဆူနဲ့ ဘုရားရှင်တို့ရဲ့ တပည့်သားသံဃာ အစဉ်အဆက်ဟာ ဒီလိုပဲ ဆွမ်းခံပါတယ်။ ဒါဟာ အရိယပရိယေသနပါ။ မြင့်မြတ်တဲ့ ဝမ်းရေးရှာနည်းပါ။ ဘုရားရှင်တို့ဟာ အဆင့်မခွဲပါဘူး။ ဇာတ်မစွဲပါဘူး။ ပဋိသန္ဓေကို အကြောင်းပြုပြီး အနိမ်အမြင့် မသတ်မှတ်ပါဘူး။ ဒါကို ခမည်းတော် နားမလည်နိုင်ဘူးဆိုရင် တောင်းတယ်လို့ ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် ခမည်းတော် . . . ခမည်းတော်တို့ အခွန်အတုပ် စည်းကြပ်တောင်းခံကြတာနဲ့တော့ မတူဘူး။ ဘယ်လို တောင်းခံမှုမျိုးနဲ့မှလည်း မတူဘူး။ နှုတ်က ဘာမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေလိုက်တာပါ။ ပေးသူက ကြည်ဖြူလို့ ပေးတာကိုပဲ လက်ခံတာပါ။ ပေးရမယ်လို့ အတင်းအကြပ် မတောင်းဆိုပါဘူး။ မပေးရင် ဒဏ်ခတ်မယ်လို့လည်း မခြိမ်းခြောက်ပါဘူး။ မပေးချင်ရင် ငြင်းနိုင်ပါတယ် ခမည်းတော် . . .။”

“သားတော်ဘုရား . . . ဘာပဲဖြစ်ဖြစ် ခုတောင်းထားတဲ့ဟာတွေကို စွန့်ပစ်လိုက်ပါ . . .။ ပွဲတော်စာတွေ ခံယူဖို့ သားတော်ရဲ့ တပည့်သံဃာတွေနဲ့အတူ နန်းတော်ကို ကြွပါ။”

“ခမည်းတော် . . . သားတော်ဟာ ခုနစ်နှစ်လုံးလုံး ဒီလိုပဲ ဆွမ်းခံခဲ့တာပါ။ မလတ်ဆတ်တာတွေ ကြမ်းရှတာတွေ စားသုံးခဲ့တာပါ။ ဒါပေမယ့် သားတော်ရဲ့ ခန္ဓာကိုယ်ကို ကြည့်စမ်းပါ။ မြင့်မြတ်တဲ့ ပွဲတော်စာတွေ စားသုံးထားတဲ့ ခမည်းတော်ရဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်ပါအုံး။ မွန်မြတ်တဲ့ ပွဲတော်စာတွေက ဇရာဒဏ်ကို ဘယ်လောက်ထိ အံတုနိုင်လို့လဲ။ ဒီ ခန္ဓာကိုယ်ဟာ အိုရမှာ သေရမှာ ဖြစ်နေပါရက်နဲ့ ဘာဖြစ်လို့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားနေရတာလဲ။ ခမည်းတော် . . . သုဒ္ဒတွေကို အစွန့်ပယ်ခံအဖြစ် ဆက်ဆံတာဟာ အဓိပ္ပာယ် မရှိပါဘူး။ ဆင်းဆင်းရဲရဲနဲ့ ကူကယ်ရာမဲ့ ဖြစ်နေသူတွေကို နှိမ့်ချဆက်ဆံတာဟာ မှားပါတယ်။ သူတို့ကို ကူညီဖို့ သားတော်တို့မှာ တာဝန်ရှိပါတယ်။ သူတို့ဘ၀ တိုးတက်ခွင့် မရှိတော့ဘူးလား။ ဒီမြေပေါ်မှာ ဒီလိုနိမ့်ကျသူတွေ ရှိနေတဲ့အတွက် ရေမြေ့ရှင် မင်းတစ်ပါးရဲ့ အသရေ ယုတ်မသွားဘူးလား။”

“သားတော်ဘုရား . . . သူတို့ဟာ အတိတ်ဘဝက မကောင်းမှုတွေ ကျူးလွန်ခဲ့လို့ ဇာတ်နိမ့်အဖြစ်နဲ့ မွေးဖွားလာကြတာပဲ။ သူတို့ ကံကြွေး ဆပ်နေကြတာပဲ။ ဒါနဲ့များ . . . ခမည်းတော်တို့က သူတို့ကိစ္စနဲ့ ဘာဆိုင်လို့လဲ။”

“ခမည်းတော် . . . အအုပ်ချုပ်ခံ ပြည်သူတွေထဲမှာ ဒီလို နိမ့်နိမ့်ကျကျ ဆင်းဆင်းရဲရဲတွေ ရှိနေတာကို အုပ်ချုပ်သူ မင်းတစ်ပါး အနေနဲ့ မရှက်မိဘူးလား။ ထားပါတော့ ခမည်းတော် . . .။ ခမည်းတော် ကံတရားအပေါ် ယုံကြည်နိုင်တာ တန်ဖိုးရှိလှပါတယ်။ အကုသိုလ်ကံကြောင့် သုဒ္ဒဖြစ်ကြရတယ်ဆိုရင် ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့တဲ့သူတွေ ဘယ်အမျိုးဇာတ်မှာ မွေးဖွားကြရမလဲ။”

“သားတော်ဘုရား . . . သူတို့ကျတော့ ခတ္တိယဇာတ် နဲ့ ဗြဟ္မဏဇာတ်မှာ မွေးဖွားကြရတာပေါ့။”

“ခတ္တိယဇာတ် နဲ့ ဗြဟ္မဏဇာတ်မှာ မွေးဖွားကြသူတွေ အိုကြ နာကြ သေကြရတယ် မဟုတ်လား။”

“အိုကြ နာကြ သေကြရတာပေါ့။”

“ခမည်းတော် . . . သူတို့ စည်းစိမ်ချမ်းသာ ခံစားကြတဲ့ နေရာမှာ တူညီကြသလား။”

“မတူကြဘူး . . .။”

“ခတ္တိယ နဲ့ ဗြဟ္မဏ အမျိုးသမီးတွေဟာ ပုံမှန်မဟုတ်တဲ့ ကလေးတွေ မွေးဖွားကြသလား။ ဆွံ့တဲ့ ကလေးတွေ၊ ကန်းတဲ့ ကလေးတွေ၊ နားထိုင်းတဲ့ ကလေးတွေ မွေးဖွားကြသလား။”

“မွေးဖွားကြတာပေါ့ သားတော်ဘုရား . . .။”

“ခမည်းတော် . . . ဘာဖြစ်လို့ အဲဒီလို ကလေးတွေ မွေးဖွားကြရတာလဲ။”

“သူတို့ရဲ့ အကုသိုလ်ကံကြောင့်ပေါ့။”

“ဒါဆိုရင် ခတ္တိယတွေ ဗြဟ္မဏတွေလည်း မကောင်းမှု အကုသိုလ်ကံကြွေး ရှိကြတာပဲပေါ့။

ခမည်းတော် . . . သူတော်စင်ကြီး မာတင်္ဂအကြောင်း ကြားဖူးတယ်ဆိုရင် အဲဒီ သူတော်စင်ကြီး ဘယ်အမျိုးဇာတ်မှာ မွေးဖွားခဲ့တယ်ဆိုတာ ပြောနိုင်မလား။”

“သားတော်ဘုရား . . . အဲဒီ သူတော်စင်ကြီးဟာ သုဒ္ဒပါ။”

“အဲဒီ သူတော်စင်ကြီးဟာ ခတ္တိယတွေ ဗြဟ္မဏတွေ ရှိခိုးပူဇော်တာ ခံရတယ် ဆိုတာကို ခမည်းတော် ကြားဖူးလား။”

“ကြားဖူးပါတယ် သားတော်ဘုရား . . .။”

“ဒါဆိုရင် . . . သုဒ္ဒဇာတ်မှာ မွေးဖွားခဲ့သူတွေဟာ ခတ္တိယတွေ ဗြဟ္မဏတွေရဲ့ ရှိခိုးပူဇော်မှုကို ခံယူနိုင်တယ် ဆိုတာကို ခမည်းတော် လက်ခံနိုင်မလား။ သူတို့လည်း ဘုန်းရှင်ကံရှင်တွေ မဖြစ်နိုင်ကြဘူးလား။”

အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေသည့် မင်းကြီးသည် အချိန်ယူ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် ပြန်လည်လျှောက်ထား၏။

“သားတော်ဘုရား . . .။ ခမည်းတော် နားလည်ပါပြီ။ သားတော် ဆိုလိုတာကို ခမည်းတော် သဘောပေါက်ပါပြီ . . .။ သဘောလည်း ကျပါတယ်။ နှစ်သက်ပါတယ်။ ခမည်းတော် နားလည်မှု လွဲခဲ့တာပါ။ မှောက်ထားတာကို လှန်ပြလိုက်သလိုပါပဲ။ ဖုံးထားတာကို ဖွင့်ပြလိုက်သလိုပါပဲ။ အမြင်ရှင်းပါပြီ . . .။

သားတော်ဘုရား . . . သားတော်ရဲ့ မိထွေးတော်ကြီးရော၊ ယသောဓရာနဲ့ ရာဟုလာလေးတို့ကပါ သားတော်ဘုရားကို တွေ့ရဖို့ စိတ်စောနေကြပါတယ် . . .။ သားတော်ကို မတွေ့ကြရတာ ကြာပါပြီ။ သူတို့အားလုံး မျှော်နေကြပါပြီ။ တပည့်သား သံဃာတော်တွေနဲ့အတူ နန်းတော်ကိုသာ ကြွပါတော့ သားတော်ဘုရား . . .။”
:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

Wednesday, September 14, 2011

ပုံမဲ့ကာတွန်း

ကာတွန်းလူ - ၁။   ။ "ငါ ဘာလုပ်လုပ် မင်းက အမြဲတမ်း ကန့်ကွက်နေတာပဲ။"

ကာတွန်းလူ - ၂။   ။ "မင်းက ဘယ်တုန်းက ဘာတွေကောင်းတာ လုပ်ဖူးလို့လဲ။"

ကာတွန်းဆရာရဲ့ မှတ်ချက်။   ။ "တိန်"

ဘေးက ပြူးကြည့်နေတဲ့ ကြွက်ရဲ့အတွေး။   ။ "?"

Tuesday, September 13, 2011

အရှိန်အဟုန်အလေ့အထုံ

“စိတ်ကို နိုင်အောင်တွန်းချင်တယ်။ စိတ်တွေက မှားမှန်သိရက်နဲ့ မပြင်နိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ။”


--------------


ကြုံဖူးတဲ့ မေးခွန်းတစ်ခုပါ။ ဗုဒ္ဓဘာသာ ရှုထောင့်ကနေ ဆွေးနွေးပါမယ်။ ပြည့်စုံခန့်ငြားတဲ့အဖြေ မဟုတ်ပါ။ ကြီးကျယ်တဲ့ ဆွေးနွေးချက်လည်း မဟုတ်ပါ။ ထူးထူးထွေထွေ အကျိုးမရှိရင်တောင်မှ အကျိုးမဲ့မှာ မဟုတ်တဲ့ ဆွေးနွေးမှု တစ်ခုတော့ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။


မှားမှန်းသိလို့ ပြင်ချင်တယ်။ စိတ်ကို ထိန်းချုပ်ချင်တယ်။ စိတ်ကို ပြင်ချင်တယ်။ မထိန်းနိုင်ဘူး။ မပြင်နိုင်ဘူး။  ပြဿနာကို ဒီလို နားလည်ပါတယ်။

မှားယွင်းမှု တစ်ခုခု အကျိုးမဲ့မှု တစ်ခုခုမှာ ပါဝင်ပတ်သက်မိတဲ့နောက်၊ လမ်းမှားပေါ်ရောက်သွားပြီးတဲ့နောက် ကိုယ့်အခြေအနေကို ပြန်လည်သုံးသပ်နိုင်သူတွေ ကြုံရတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒီပြဿနာမှာ မှားမှန်းသိတယ်ဆိုတာ တန်ဖိုးရှိတဲ့ အသိဖြစ်ပါတယ်။ မှားမှန်း မသိဘဲနဲ့ အမှန်ဆီ မရောက်နိုင်ပါဘူး။

နောက်ပြီး အမှားကို ပြင်ချင်တယ်ဆိုတာဟာ ပိုပြီး တန်ဖိုးရှိပါတယ်။ မှားမှန်းသိလို့ အမှားကို ပြင်ချင်တယ်ဆိုရင် မှန်ဖို့ ကောင်းဖို့ အခြေအနေ တော်တော်ကောင်းနေပါပြီ။

ဒါပေမယ့် ခက်တာက သိသိကြီးနဲ့ မပြင်နိုင်တာပါ။ အမှားကို အမှန်ပြင်ဖို့ ခက်တယ်ဆိုတာ သဘာဝပါ။ ဒီနေရာမှာ ဘုရားရှင် ဟောတော်မူခဲ့တဲ့ အာသေ၀နပစ္စည်း ဆိုတာကို သတိရမိပါတယ်။ အာသေ၀နဆိုတာ အလေ့အကျင့် အထုံ ဖြစ်ပါတယ်။ အလေ့အကျင့် ဖြစ်နေရင် အထုံပါနေရင် စွဲလမ်းမှုတစ်ခု ဖြစ်နေရင် အရှိန်နဲ့ ဆက်လိမ့်တတ်ပါတယ်။ လုပ်နေကျ တစ်ခုခုကို အရှိန်နဲ့ ဆက်လုပ်နေတတ်ပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် စလုပ်မိရင် လုပ်လက်စနဲ့ ဆက်လုပ်နေတတ်ပါတယ်။ စလုပ်မိတယ်ဆိုရင် နောက်ထပ်ဆက်လုပ်နေဖို့ တွန်းအားရသွားပါတယ်။ ဒါဟာ ဘုရားဟောခဲ့တဲ့ အာသေ၀နပစ္စည်းရဲ့ သဘောအဓိပ္ပာယ် ဖြစ်ပါတယ်။

"မှားမှန်းသိရက်နဲ့ မပြင်နိုင်ဘူး" ဆိုတာဟာ အရှိန်ကို မထိန်းနိုင်တာ ဖြစ်ပါတယ်။ မကောင်းတဲ့ဘက်မှာ အာသေ၀နပစ္စည်း အရှိန်ရနေတာ ဖြစ်ပါတယ်။ ကောင်းတဲ့ကိစ္စမှာ အရှိန်ရနေရင် ဆက်ပြီးကောင်းနေတတ်ပါတယ်၊ ဆိုးတဲ့ကိစ္စမှာ အရှိန်ရနေရင် ဆက်ပြီး ဆိုးနေတတ်ပါတယ်။ မှားယွင်းမှု မိုက်မဲမှု အရှိန်အဟုန်ကို လျှော့ချနိုင်မှ အမှားကို ပြင်နိုင်ပါလိမ့်မယ်။ အရှိန်ကို လျှော့ဖို့ ဒါမှမဟုတ် လုံးဝ ရပ်စဲလိုက်ဖို့ အရေးမှာ အလွယ်အခက်ဟာ ရနေတဲ့ အရှိန်ရဲ့ ပြင်းအားပေါ်မှာ မူတည်ပါလိမ့်မယ်။ အရှိန်မပြင်းသေးရင် ပြင်ဖို့လွယ်ပါလိမ့်မယ်။ မိုက်မဲမှု သက်တမ်းရှည်နေပြီ ဆိုရင်တော့ ပြင်ဖို့ ခက်ပါလိမ့်မယ်။

လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ မှားမှန်းသိလို့ အမှားကို ပြင်ချင်တယ်ဆိုရင် ပြင်နိုင်ပါလိမ့်မယ်။ အဆိုးကနေထွက်ပြီး အကောင်းဘက်မှာ အရှိန်ရလာအောင် ဇွတ်ဒရွတ် ပြင်မလား။ နည်းနည်းချင်း ပြင်မလား။ ကာယကံရှင်ရဲ့ စိတ်ဓာတ်ပြတ်သားမှု နဲ့ ဆင်ခြင်တုံတရား ခိုင်မာမှုတို့ အပေါ်မှာ မူတည်ပြီး သင့်တော်သလို ပြင်ဖို့ပါပဲ။

မန္တလေးက မစိုးရိမ်ဆရာတော်ကြီးရဲ့ အဆုံးအမဟာ ဒီနေရာမှာ အသုံးဝင်မယ် ထင်ပါတယ်။ ဆရာတော်ကြီး မိန့်တော်မူတာက "ကောင်းတာဆိုရင် စိတ်ပါပါ မပါပါ လုပ်လိုက်ပါ။ မကောင်းတာဆိုရင် လုပ်ချင်နေလည်း မလုပ်ဘဲ ပေနေလိုက်ပါ"တဲ့။ ကောင်းတဲ့နေရာမှာ အရှိန်ရလာအောင် ဇွတ်ဒရွတ် ပြင်လိုက်ပါလို့ ဆရာတော်ကြီး ဆုံးမတော်မူခဲ့ပါတယ်။ ဒါဟာ ကောင်းတဲ့ဘက်မှာ (အာသေ၀နပစ္စည်း) အရှိန်အဟုန် အထုံဝါသနာ ပါအောင် မရမက လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။

ကောင်းတဲ့နေရာမှာပဲ ဖြစ်ဖြစ် မကောင်းတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ရနေတဲ့ အရှိန်အဟုန် အလေ့အထုံဟာ ဘ၀အဆက်ဆက် သံသရာ အဆက်ဆက် ပါလာတာ ဖြစ်နိုင်ပါတယ်။ ဘ၀ဟောင်းက (ကောင်း/မကောင်း) အလေ့အကျင့်တစ်ခုကို လက်ရှိဘ၀မှာ စလိုက်မိရင် လွယ်လွယ်နဲ့ အကျင့်ပါ အရှိန်ရ သွားနိုင်ပါတယ်။ (ကောင်း/မကောင်း) အရှိန်အဟုန် အလေ့အထုံဟာ ဘ၀အဆက်ဆက်က ပါခဲ့တာမဟုတ်ဘဲ ဒီဘ၀မှာမှ စတင် ထူထောင်မိတာလည်း ဖြစ်နိုင်ပါတယ်။ အဟောင်းပဲဖြစ်ဖြစ် အသစ်ပဲဖြစ်ဖြစ် အရှိန်အဟုန် အလေ့အထုံဆိုးကို မစမိဖို့ အားမစိုက်မိဖို့ ထပ်ထပ်ပြီး အားမဖြည့်မိဖို့ အရေးကြီးပါတယ်။

အပေါင်းအသင်း အသိုက်အ၀န်း ကာလ ဒေသ စတဲ့ အခြေအနေ အမျိုးမျိုးကလည်း ကောင်းတဲ့ဘက် ဒါမှမဟုတ် ဆိုးတဲ့ဘက်ရောက်အောင် တွန်းအားပေးတတ်ပါတယ်။ အားကြီးတဲ့ အထောက်အပံ့ ဥပနိဿပစ္စည်း ဖြစ်ပါတယ်။ အဆိုးဆီ တွန်းပို့ပေးတဲ့ အခြေအနေတွေကို ရှောင်ခြင်း၊ အကောင်းဆီ တွန်းပို့ပေးတဲ့ အခြေအနေတွေကို ရှာခြင်းအားဖြင့်လည်း ကောင်းတဲ့ အရှိန်အဟုန် အလေ့အထုံကို ထူထောင်ရမှာ အားဖြည့်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဇွတ်ဒရွတ် လုပ်မလား။ နည်းနည်းချင်း လုပ်မလား။ ကာယကံရှင်ရဲ့ စိတ်ဓာတ်ပြတ်သားမှု နဲ့ ဆင်ခြင်တုံတရား ခိုင်မာမှုတို့ အပေါ်မှာ မူတည်ပြီး သင့်တော်သလို ထူထောင်ဖို့ အားဖြည့်ဖို့ ဖြစ်ပါတယ်။

မှားမှန်းသိလို့ အမှားကို ပြင်ချင်တယ်ဆိုရင် ကြိုးစားပြီး ပြင်လိုက်ဖို့ အကြံပေးချင်ပါတယ်။ တစ်ခါ နှစ်ခါ သုံးခါ၊ လေး ငါး ခြောက်ခါ၊ ခုနစ်ခါ . . . အကြိမ်ကြိမ် အခါခါ ကြိုးစားကြည့်စေချင်ပါတယ်။ ကြိုးစားလိုက်တယ်ဆိုရင် လုံးဝကောင်းမလာအုံးတောင်မှ ဆိုးသွမ်းတဲ့ အရှိန်ကိုတော့ လျှော့ချနိုင်ပါလိမ့်မယ်။


:)
ရှင်အာစာရ

Sunday, September 11, 2011

ဆယ်မိနစ်တရား ("ဒါနကထာ")

ဆယ်မိနစ်တရား
“ဒါနကထာ”
အရှင်ဇနကာဘိဝံသ
----------
- အကုန်အကျများပြီး အကျိုးနည်းတာတွေ ဆင်ခြင်စရာ ပြင်ဆင်စရာ
- ဇောစိတ်ဆိုတာ ကုသိုလ် (သို့) အကုသိုလ်၊ ကုသိုလ်ဖြစ်အောင် ကြိုးစားကြဖို့

Wednesday, September 7, 2011

တရားမင်းသခင် - ၂၅။ ဝတ္ထုကာမ


နှင်းထုဖုံးသော ဟိမဝန္တာ တောင်ထွတ်တို့ကို နမ်းရှိုက်ပြီး ထင်းရှူးတော စန္ဒကူးတောတို့ကို ပွေ့ဖက်မွှေ့ရမ်း လာခဲ့သော နှင်းမုန်တိုင်းသည် ကပိလဝတ်သို့ ခပ်ကြမ်းကြမ်း ဝင်ရောက်လာ၏။ နှင်းမုန်တိုင်းသည် ကြောက်မက်ဖွယ် အသံများ ကြုံးဝါးလျက် ရှိနေ၏။ တစ်ခဏ အတွင်းမှာပင် ကပိလဝတ် နန်းတော်ဝင်း တစ်ခုလုံး နှင်းထု ဖုံးသွား၏။ သုဒ္ဓေါဒနမင်းကြီး စံတော်မူနေသည့် နန်းတော်ထဲထိ အအေးဓာတ် လွှမ်းမိုး ဝင်ရောက်လာသည်။ ချမ်းခိုက်ခိုက် တုန်နေသော အပူသည် မင်းကြီးသည် မြို့ပြင်မှာ ရှိနေမည့် သားတော်ဘုရားအတွက် စိုးရိမ်နေ၏။

သမားတော် သဉ္စယထံမှ ပြန်လာသူ ဆန္နနှင့် ကာဠုဒါယီတို့ မုန်တိုင်းမိနေကြ၏။ ဆန္နသည် မြင်းဆွဲယာဉ်ကို မောင်းနှင်နေသည်။ ယာဉ်၏ ဘီးများ နှင်းထုအတွင်းသို့ ကျွံနစ်နေသော်လည်း သူတို့နှစ်ယောက် ခရီးဆက်လျက် ရှိနေကြ၏။ ၎င်းတို့ မြို့ဝင်တံခါးကို ဖြတ်ကျော်ချိန်၌ မှောင်ရီပျိုးနေပြီ ဖြစ်၏။ ဘုရားရှင် တန့်ရပ်တော်မူခဲ့သည့် နေရာသို့ ခက်ခက်ခဲခဲ ပြန်လာခဲ့ကြရလေသည်။ သို့သော် ထိုနေရာတစ်ဝိုက်၌ ဘုရားရှင်ကို မတွေ့ရတော့ပေ။ ဘုရားရှင်၏ တပည့်သား သံဃာတော် တစ်ပါးတစ်လေမျှကိုပင် မတွေ့ရပေ။

“ဆန္န . . . တို့ ဘာ လုပ်ကြမလဲ။ ဘုရားရှင်ရဲ့ အရိပ်အရောင် ဘယ်မှာမှ မတွေ့ရဘူး။ နေရာအနှံ့လည်း နှင်းတွေ ဖုံးနေပြီ”ဟု ကာဠုဒါယီက ဆို၏။

ယာဉ်ကို ပစ်ထားခဲ့ပြီး ဘုရားရှင်နှင့် သံဃာတော်များကို လိုက်လံရှာဖွေပါက ယာဉ်၌ ကထားသည့် မြင်းများ အအေးဒဏ်ကြောင့် သေကြေ ပျက်စီးကြလိမ့်မည်ဟု ဆန္န တွေးနေစဉ် ကာဠုဒါယီက ဆို၏။

“ဆန္န . . . ပြန်နှင့်။ ယာဉ်ကို ယူသွား။ မုန်တိုင်း ကျနေပေမယ့် ငါကတော့ ဘုရားရှင်နဲ့ တပည့်သား သံဃာတော်တွေကို လိုက်ရှာအုံးမယ်။ ဘုရားရှင် တစ်ခုခု ဖြစ်ခဲ့ရင်တော့ ကြမ္မာဆိုးပဲ။ မြို့တော်ပြင်ဘက် လုံခြုံတဲ့ နေရာမှာ ဘုရားရှင် ရှိနေတယ်လို့သာ မင်းကြီးကို လျှောက်တင်လိုက်ပါ။ မင်းကြီးလည်း စိတ်ပူနေလောက်ပြီ။”

ကာဠုဒါယီသည် ဆန္န၏ စကားတုံ့ကို စောင့်ဆိုင်းမနေတော့ဘဲ နှင်းထုကြားရှိ ဆိုးရွားသည့် အအေးဒဏ် နှိပ်စက်ခံနေရသော လူနေအိမ်ခြေများဆီသို့ ပြေးထွက်သွား၏။ အမှောင်ထုသည် ပို၍ပို၍ သိပ်သည်းလာနေသည်။ အအေးဒဏ်ကြောင့် ကာဠုဒါယီ လေးလံတောင့်တင်း လာ၏။ ဤဒေသ၌ ဇာတ်နိမ့်တို့ နေထိုင်ကြသည်ကို သူ သိ၏။ သို့သော် ဤ ဒေသရှိ ဘယ်အိမ်ကိုမှ မရောက်ဖူးခဲ့ပေ။

အလင်းရောင် မြင်ရာအရပ်တိုင်းသို့ ကာဠုဒါယီ သွားရောက်စုံစမ်းတိုင်း ရဟန်းတော် လေးငါးပါးစီကိုသာ တွေ့ရ၏။ ဘုရားရှင်ကိုကား မတွေ့ရသေးပေ။

လူနေအိမ်ခြေ အစွန်းရှိ ဇာတ်မြင့်တစ်ဦး ပိုင်ဆိုင်သည့် နှစ်ထပ်အိမ် တစ်လုံးကို တွေ့လိုက်ရချိန်၌ ကာဠုဒါယီမှာ သေလုနီးပါး အေးစက်တောင့်တင်း နေလေပြီ။ အိမ် ဒုတိယထပ်၌ မီးလင်းနေသည်ကို တွေ့လိုက်ရ၏။ ဤ နေရာ၌ ဘုရားရှင် သက်တောင့်သက်သာ ရှိနေမည်ဟု ကာဠုဒါယီ ထင်မိ၏။ သို့ဖြစ်၍ ခြံစည်းရိုးကို ကျော်ဝင်ပြီး ပိတ်ထားသော တံခါးကို တဝုန်းဝုန်း ထုလိုက်သည်။ ဘယ်သူမှ တံခါး လာဖွင့်မပေးပေ။ အသံကုန် ဟစ်အော်လိုက်ချင်သော်လည်း အေးစက်တောင့်ခဲနေသော သူ့ပါးစပ်ကို မဖွင့်ဟနိုင်တော့ပေ။

ထိုစဉ် အသံတစ်ခု ကြားလိုက်ရ၏။

“ကာဠုဒါယီ . . . ဘယ်သူ့ကို ရှာနေတာလဲ။”

အရှိန် လျော့ကျလာနေပြီဖြစ်သော မုန်တိုင်းကြားမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ သူ့ကို နာမည်တပ်၍ ခေါ်ရဲသူ မရှိ။ သို့ဖြစ်၍ အသံရှင်မှာ ဘုရားရှင်သာ ဖြစ်ရမည်ဟု ကာဠုဒါယီ နားလည်လိုက်၏။ သူ ပျော်သွားသည်။ အိမ်မှ ထွက်ခဲ့၍ ခြံဝင်းထဲ၌ ရပ်နေရင်း အိမ်အပေါ်ထပ်ကို လှမ်းမျှော်ကြည့်နေပြန်သည်။ အိမ်ပြတင်းများ စေ့စေ့ပိတ်ထား၏။

“ကာဠုဒါယီ . . . ဒီကို လာပါ။”

မြင်းဇောင်းများဆီမှ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံလာရာဘက်သို့ ကာဠုဒါယီ ပြေး၏။ နောက်ထပ် အသံ ထွက်ပေါ်လာပြန်သည်။

“ကာဠုဒါယီ . . . ငါ ခေါ်နေတယ်။ ဟုတ်ပြီ။ အသံကြားတဲ့ဘက် လာခဲ့ပါ။ ဒီမှာ ကောက်ရိုးတွေ ရှိတယ်။ နွေးတယ်။”

ကာဠုဒါယီသည် အမှောင်ထဲ၌ ရှိနေ၏။ မြင်းဇောင်းပျဉ်ချပ်များပေါ် တွားတက်ရင်း အသံလာရာသို့ လိုက်လေရာ ဘုရားရှင်၏ အနီးသို့ သူ ရောက်သွား၏။ ဖြန့်ခင်းထားသည့် ကောက်ရိုးများပေါ် ထိုင်တော်မူနေသည့် ဘုရားရှင်က မိန့်တော်မူပြန်၏။

“ကာဠုဒါယီ . . . အေးခဲ တောင့်တင်းနေရင် မျက်နှာကို လက်ဖဝါးနဲ့ ဖိပွတ်လိုက်ပါ။ သွေးလည်ပတ်ရှိန် မြင့်လာအောင် ခန္ဓာကိုယ် လှုပ်ရှားလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။”

ကာဠုဒါယီသည် ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ပြီးသောအခါ  စကားပြောနိုင်လာ၏။

“အရှင်ဘုရား . . . ဒါ မြင်းဇောင်းပါ ဘုရား။ မြင်းတွေအတွက်ပါ . . .။”

“ငါသိတယ်။ နွေးထွေးမှုဆိုတာ ဘာလဲ။”

“ဆိုးလိုက်တာ ဘုရား . . .။ နံစော်နေတာပဲ . . .။ မသန့်ရှင်းဘူး အရှင်ဘုရား . . .။”

“ကာဠုဒါယီ . . . မုန်တိုင်းထန်ပြီး နှင်းတွေဖုံးနေတဲ့ ပတ်ဝန်းကျင်ထက် ဒီ မြင်းဇောင်းက ပိုဆိုးတယ်လို့ ဆိုလိုတာလား။”

“အဲဒီလို ဆိုလိုတာ မဟုတ်ပါဘုရား . . .။ ဟိုနားက အိမ်က ပိုကောင်းပါတယ်၊ ပိုနွေးပါတယ် ဘုရား။ အရှင်ဘုရား အဲဒီအိမ်ကို ကြွသင့်တာ . . .။”

“ကာဠုဒါယီ . . .။ အဲဒီအိမ်က ပြတင်းတွေ တံခါးတွေ စေ့စေ့ ပိတ်ထားရင် ဘာလုပ်သင့်လဲ။”

“တံခါးခေါက်ပြီး . . . အဖွင့်ခိုင်းပေါ့ ဘုရား . . .။”

“ကာဠုဒါယီ တံခါးကို ထုရိုက်နေတာ ငါ ကြားလိုက်တယ်။ တံခါး ပွင့်သလား။”

ကာဠုဒါယီ နှုတ်ဆိတ်နေ၏။

“ကာဠုဒါယီ . . . ဇိမ်ခံပစ္စည်းတွေ အပြည့်ရှိတဲ့ တိုက်ခန်းဆောင်ရယ် ဟောဒီလို မြင်းဇောင်းရယ်လို့ ထွေထွေထူးထူး ခွဲခြားပြီး ငါ မစဉ်းစားဘူး။ အဖိုးတန် ခြုံစောင်တွေ မရှိပေမယ့် ဒီနေရာမှာ ကောက်ရိုးတွေ ရှိတယ်။ အဲဒီ အဖိုးတန် ခြုံစောင်တွေ ထည့်တွေးမနေဘဲ ကောက်ရိုးကိုပဲ စိတ်ကူးလိုက်စမ်းပါ။ ကြုံရတဲ့ အခြေအနေ တစ်ခုကို တစ်ခြား အခြေအနေ တစ်ခုနဲ့ မနှိုင်းပါနဲ့။ ဖြစ်နိုင်တာကို ကျေကျေနပ်နပ် လက်ခံလိုက်စမ်းပါ။”

ဘုရားရှင်က ကာဠုဒါယီကို အေးခဲညစ်ပတ်သည့် မြင်းဇောင်းထဲရှိ ကောက်ရိုးများနှင့် မိတ်ဆက်ပေးနေစဉ် ကာဠုဒါယီက သူ၏ နွေးထွေးသပ်ရပ်သည့် အမတ်စည်းစိမ်းကို စိတ်ဖြင့်တမ်းတနေသည်။

“ဒီနေရာမှာ အနံ့ဆိုးတွေ ပြင်းလွန်းပါတယ် ဘုရား . . .။”

“ဒီအနံ့က ပုပ်ပွနေတဲ့ လူသေကောင်နံ့လောက် မဆိုးသေးပါဘူး ကာဠုဒါယီ . . .။ ကျေနပ်လိုက်စမ်းပါ။”

“ဒီနေရာမှာ မြင်းသေးတွေ မြင်းချေးတွေ ပြည့်နေတာ . . . ဘုရာ့။”

“ဒါလည်း လူတွေရဲ့ ကြင်ကြီး ကျင်ငယ်တွေလောက် မဆိုးသေးဘူးလို့ တွေးပြီး ကျေနပ်နိုင်တာပေါ့။”

“မှန်တော့ မှန်တာပေါ့ ဘုရား . . .”ဟု စိတ်ထဲက လျှောက်ထားရင်း အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ ကာဠုဒါယီက ဝန်ခံလျှောက်ထား၏။

“တပည့်တော် ဝန်ခံပါပြီ ဘုရား။ ကျေနပ်ပါပြီ ဘုရား။ ဒါပေမယ့် အရှင် . . . အရှင်ဘုရားရဲ့ ဆွေတော်မျိုးတော်တွေကတော့ မကျေမနပ် ဖြစ်နေကြပြီ ဘုရား။”

“ကာဠုဒါယီ . . . ဘယ်သူတွေလဲ။”

“အရှင်ဘုရားရဲ့ ဦရီးတော်တွေပေါ့ . . .။ မင်းကြီးရဲ့ ညီတော်တွေပေါ့ ဘုရား . . .။”

“သူတို့က ဘာဖြစ်လို့ ငါ့ကို အပြစ်ရှာကြတာတဲ့လဲ။”

“အရှင်ဘုရားက လမ်းမှာ ရပ်တန့်တော်မူလိုက်ပြီး စုတ်စုတ်ပြတ်ပြတ် မိန်းမတစ်ယောက်ကို သူတို့ဆီ ပို့လွှတ်လိုက်လို့ပါတဲ့ ဘုရား။ အဲဒီလို လုပ်တာဟာ သူတို့ကို စော်ကားတာလို့ မြင်ကြပါတယ် ဘုရား။ သုဘာဆိုတဲ့ အမျိုးသမီးကြီးကလည်း ခပ်စွာစွာ ဆိုတော့ဘုရား . . .”

ကာဠုဒါယီသည် စကားမဆက်နိုင်သေးဘဲ မျက်နှာနှင့် နားရွက်တို့ကို လက်ဝါးအစုံဖြင့် ဖိပွတ်နေ၏။ ဘုရားသခင်သည် ကရုဏာဖြင့် ပြုံးတော်မူ၍

“ဘယ်လိုဖြစ်ရတာလဲ . . .။ ဒါ သူတို့ကို စော်ကားရာ ရောက်သတဲ့လား . . .။ တစ်ချိန်က သူတို့ အလွန်အမင်း တန်ဖိုးထားခဲ့ကြတဲ့ သူတို့ရဲ့ အဖိုးတန် ရတနာကို သူတို့ဆီ ပြန်ပို့လိုက်တာပဲ။ ကာဠုဒါယီ . . .။ မှားသလား။”

:)
ရှင်အာာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

Monday, September 5, 2011

တရားမင်းသခင် - . . .။ ကလေးများကို ဆုံးမခြင်း

(. . . . . မှ အဆက်)
“တရားမင်းသခင်” အမှတ် (၂၄)ထိ တင်ပြီးပါပြီ။ ကလေးတွေကို စာသင်ဖို့ ပြင်ဆင်ရင်း ကလေးစာတွေ ဟိုတို့ဒီတို့ လိုက်မြီးရာက စိတ်ကူးပေါက်မိလို့ ဒီစာကို ရေးလိုက်တာပါ။ Jayasena Jayakodyကို အားကျပြီး အတုခိုးကြည့်လိုက်ပါတယ်။ ရေးလက်စ တရားမင်းသခင်ရဲ့ ဗုဒ္ဓဝင်ဇာတ်ကြောင်းကတော့ ဒီစာမှာပါတဲ့ အကြောင်းအရာထိ မရောက်သေးပါဘူး။ ဇေတဝန်ကျောင်း မရောက်သေးပါဘူး။ အားလုံးပြီးလို့ စုပေါင်းစာအုပ်ထုတ်နိုင်မှပဲ ဒီအပိုင်းကို သင့်တော်တဲ့ နေရာမှာ ထည့်ရမှာပါ။ ခုတော့ အမှတ်စဉ် နံပါတ် မတပ်ဘဲ ထားလိုက်ပါတယ်။

အမျိုးအားလုံးကို ပေးဖတ်ချင်ပေမယ့် tagချင်တိုင်း များများtagလို့ မရပါ။ Facebookက tagဦးရေ ကန့်သတ်တယ် ထင်ပါတယ်။ အများကြီး tagလိုက်ရင် နောက်လူတွေကို ချန်ထားခဲ့ပါတယ်။ ကြုံသလိုသာ တွေ့ရာမှာ ဖတ်လိုက်ကြပါ။ tagနေကျလူတွေကိုပဲ [ဖတ်ဖတ် မဖတ်ဖတ် :)] tagလိုက်ပါတယ်။

တစ်စုံတစ်ရာ အမှားမြင်ရင် ပြင်ယူလိုက်ကြပါ။

 စာရဲ့သဘောက ပြန်ဖတ်တိုင်း အမှားတွေ့ရတတ်ပါတယ်။ သတ်ပုံအမှား၊ စာစီအမှား မြင်မိရင် ပြောကြပါအုံး။ ပရုဖတ်ဖို့ လူမငှားနိုင်သေးလို့ အကူအညီ တောင်းရတာပါ။ စာကောင်းစာသန့် ဖြစ်အောင် ကူညီကြပါ။ ကျေးဇူးဆပ်ပါမည်။

:)

-----------------------------------


ဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ နွေးဦးနံနက် နေခြည်နုနုသည် ကျောင်းတော်ကို အနွေးဓာတ် ပေးနေ၏။ အရိယာတို့ ကျက်စားရာ သာဝတ္ထိ မြို့တော်သည် နွေးထွေးစွာ အေးချမ်းနေ၏။ နွေဦးရာသီဖြစ်၍ ကောင်းကင်ပြင် ကြည်လင်နေသည်။ ကျောင်းရိပ်ခိုသည့် ကျေးငှက် သာရကာတို့ အစာရှာ ထွက်နေကြလေပြီ။ အတောင်သာလျှင် ဝန်ရှိသည့် ငှက်တို့နှင့် အလားတူသော ဘုရားရှင်နှင့် တပည့်သား သံဃာတော်တို့ မြို့တွင်းသို့ ဆွမ်းခံဝင်ရန် အချိန်ကျရောက်လေပြီ။ ထို နံနက်ခင်း၌ ဘုရားရှင်သည် မြို့တွင်းသို့ တစ်ပါးတည်း ဆွမ်းခံကြွတော်မူ၏။

ဘုရားရှင် ဆွမ်းခံ ကြွတော်မူသည့် လမ်းတစ်နေရာ၌ ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်အုပ် အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ကလေးတို့သည် လမ်းဘေးရှိ ခြုံတစ်ခုကို ဝိုင်းရံထားကြ၏။ ခြုံထဲသို့ ခဲနှင့် ပစ်ပေါက်နေကြသည်။ ခြုံထဲ၌ ပိတ်မိနေသော မြွေတစ်ကောင်သည် ကလေးတို့ ပစ်ခတ်သည့် ခဲဒဏ်ကြောင့် သေလုမြောပါး ဖြစ်နေ၏။ ကလေးများဆီသို့ တပြစ်ပြစ် ထွေးခဲ့ရ၍ သူ့တံတွေးတို့ ခန်းခြောက်လေပြီ။ ရှိရှိသမျှ သူ့မာန်တို့လည်း ကုန်လေပြီ။ ပါးပျဉ်းထောင်၍ မြွေမာန် မပြနိုင်တော့ဘဲ တွန့်လိမ်လျက်သာ လဲလျောင်းနေရလေတော့၏။

မြွေဆီသို့ အာရုံရောက်နေကြသော ကလေးတို့သည် ဘုရားရှင် ကြွတော်မူလာသည်ကို သတိမထားမိလိုက်ကြပေ။ ဘုရားရှင်သည် ကလေးများ အနီးသို့ ချဉ်းကပ်၍ ကလေးတို့ကို ပျူပျူငှာငှာ စကားဆိုတော်မူ၏။

“ကလေးတို့ . . . ဘာဖြစ်လို့ မြွေကြီးကို နှိပ်စက်နေကြတာလဲ . . .။ သတ်နေကြတာလား . . .။”

နှုတ်လေးသည့် ကလေးများ ခေါင်းငုံ့ မျက်လွှာချလျက် တိတ်ဆိတ်နေကြ၏။ တစ်ချို့က အချင်းချင်း မျက်လုံးနှင့် စကားပြောနေကြ၏။ ဘုရားရှင်ကိုကား မျက်နှာချင်း မဆိုင်ရဲကြပေ။ ရဲတင်း၍ နှုတ်သွက်သည့် ကလေးတို့ကား ဘုရားရှင်ကို တစ်ယောက်တစ်ပေါက် ပြန်လည် လျှောက်ထားကြ၏။

“ဘုန်းဘုရား . . . သတ်တာတော့ မဟုတ်ဘူးလေ . . .။”

“သူက သားတို့ကို ကိုက်မှာ . . .။ သူ မကိုက်နိုင်အောင် သားတို့က အရင်ချတာ . . .။”

“မြွေကြီး တော်တော်တော့ နာနေပြီ . . .။ ဘုန်းဘုရား ရောက်လာလို့ပေါ့။ မဟုတ်ရင် သေလောက်ပြီ . . .။”

“အဲဒီ မောင်သာမဆိုတဲ့ကောင် ကလေးပေမယ့် တော်တော် လက်ဖြောင့်တယ်။ သူပစ်တဲ့ခဲ အားသိပ်မပြင်းလို့သာပေါ့။ သူပစ်လိုက်ရင် ချက်တိုင်းချက်တိုင်း မြွေကို ထိတာချည်းပဲ။”

ကလေးအဖွဲ့တွင် အငယ်ဆုံးဖြစ်သူ မောင်သာမသည် ဘုရားရှင်၏ အနီး၌ ရှိနေ၏။ မောင်သာမသည် သူ ကျုးလွန်မိသော ပြစ်မှုအတွက် ကြောက်လန့် ရှက်ရွံ့နေ၏။ အထူးသဖြင့် ဘုရားရှင်၏ ရှေ့တော်မှောက်၌ နာမည်ဖော်၍ အပြောခံလိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေ၏။ ခေါင်းငုံ့လျက် မျက်လွှာချထားရင်း လက်ချောင်းများကို ချိုးနေ၏။ မောင်သာမ၏ အခြေအနေကို ရိပ်စားမိသော မောင်ဝဏ္ဏသည် မောင်သာမ၏ အနီးသို့သွား၍ မောင်သာမ၏ ပခုံးကို ဖွဖွဆုပ်ကာ အသံတိတ် အားပေးနေ၏။ ငိုမယောင် မျက်နှာထားနှင့် မျက်တောင်သာ ပေကလပ် ပေကလပ် တွင်တွင်ခပ်ရင်း အောက်နှုတ်ခမ်းကို အပေါ်သွားများနှင့် ဖိကိုက်နေသူ မောင်သာမသည် ဒဏ်ရာရနေသော မြွေကြီးကို မဝံ့မရဲ လှမ်းကြည့်လိုက်ပြီး ဝမ်းသာအားရ အော်လေ၏။

“ဟော . . .။ မြွေကြီး ပြေးတော့မယ်။ မသေဘူး။”

ကလေးအားလုံး မြွေဆီ ကြည့်လိုက်ကြပြီး ဘုရားရှင်နှင့် မောင်သာမတို့ ရှိရာဘက်သို့ ပြေးလာကြ၏။ မြွေလည်း တစ်ခြားတစ်ဘက်မှ ထွက်သွား၏။ သေလုမျောပါး ဒဏ်ရာရနေသော မြွေ မသေဘဲ လွတ်မြောက်သွား၍ စိုးရွံ့ထိတ်လန့်မှု သက်သာပြီး လွတ်လပ်ပေါ့ပါးသွားသည့် မောင်သာမကို ကြည့်၍ ဘုရားရှင် ပြုံးတော်မူ၏။ မောင်သာမ၏ ခေါင်းကို ယာလက်တော်ဖြင့် ညင်သာစွာ ပုတ်လျက် နှစ်သိမ့်အားပေးတော်မူ၏။

“ဟုတ်ပါတယ် . . . မောင်သာမ . . .။ မင့်မြွေကြီး မသေပါဘူး။ ဒဏ်ရာတော့ ရသွားတာပေါ့။ သက်သာသွားမှာပါ . . .။ ကလေးတို့ . . . စိတ်ပူမနေကြပါနဲ့။”

ဘုရားရှင်၏ အနီးအပါး၌ ဝန်းရံနေကြသော ကလေးတို့သည် ကိုင်ဆောင်ထားသည့် ခဲများကို လမ်းဘေးသို့ လွှင့်ပစ်လိုက်ကြ၏။ ဘုရားရှင်၏ ရှေ့တည့်တည့်၌ ရှိနေကြသော ကလေးတို့သည် ဘုရားရှင်၏ အသရေ ပြည့်ဝသော မျက်နှာတော်ကို အတန်ကြာအောင် ငေးစိုက် ကြည့်နေကြ၏။ ဘုရားရှင်၏ နောက်တော်၌ ရှိနေသော ကလေးတစ်ယောက်သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဘုရားရှင် မသိအောင် ညင်ညင်သာ ကိုင်ကြည့်ရင်း  သူ့ဘေးက ကလေးတစ်ယောက်ကို လျှာထုတ်ပြနေ၏။ ကလေးများ အားလုံး ဘုရားရှင်နှင့် ရင်းနှီးကျွမ်းလိုကြဟန် တူသည်။

“ကလေးတို့ . . . ငါ့နောက်မှာ မနေကြနဲ့။ ရှေ့ကို လာခဲ့ကြ”ဟု ဘုရားရှင်က ခေါ်တော်မူလိုက်၏။ ထိုအခါ ကလေးများအားလုံး ဘုရားရှင်၏ ရှေ့တော်မှောက်၌ စုဝေးမိလေသည်။ ဘုရားရှင်၏ သင်္ကန်းတော်ကို တိတ်တဆိတ် ကိုင်ကြည့်ခဲ့သော ကလေးငယ်သည် သူ၏ ခိုးကြောင်ခိုးဝှက် ကိစ္စကို ဘုရားရှင် သိလေသလားဟု သံသယဖြစ်မိ၏။ သို့သော် ဘုရားရှင်က သူ့ကို ငေါက်ငမ်းလိမ့်မည် မဟုတ်ဟူ၍ကား သူ အခိုင်အမာ ယုံကြည်ထားသည်။

“ကလေးတို့ . . .။ သက်ရှိ သတ္တဝါ အားလုံးဟာ ချမ်းချမ်းသာသာ နေချင်ကြတယ်။ ကလေးတို့ ပျော်ချင်ကြတယ် မဟုတ်လား။ ဘေးကင်းချင်ကြတယ် မဟုတ်လား။ လူလိမ္မာဆိုတာ စာနာတတ်ရတယ်။ ကြင်နာတတ်ရတယ်။ ကိုယ် ချမ်းသာဖို့၊ ကိုယ်ဘေးကင်းဖို့ သူတစ်ပါးကို ညှင်းဆဲတဲ့သူ၊ လက်နက်နဲ့ တိုက်ခိုက်တဲ့သူဟာ ဘဝသံသရာမှာ ချမ်းသာသုခ မရရှိနိုင်ဘူး။ ကိုယ်ချင်းစာတတ်မှ၊ သူတစ်ပါးကို ငဲ့ညှာတတ်မှ ချမ်းသာမယ်။ နားလည်ကြရဲ့လား။”

“မှန်ပါ ဘုရား . . .။”

“ကလေးတို့ . . . ဒီ သာဝတ္ထိ မြို့ထဲမှာ။ ကိုယ်အင်္ဂါ မပြည့်စုံတဲ့သူတွေ၊ ရုပ်ရည်အဆင်း မလှပတဲ့သူတွေ မြင်ဖူးကြတယ် မဟုတ်လား။”

“ဘုန်းဘုရား . . . သစ်ပင်ပိလို့ ခြေတစ်ဘက် ပြတ်သွားတဲ့ စဏ္ဍာလကြီး ဝစ္ဆလို လူမျိုးလား . . .”

“ဟုတ်တာပေါ့ . . .။”

“ရက်ကန်းသည်မကြီး ဝိသာဆိုရင် သွားခေါခေါ မျက်လုံးစွေစွေနဲ့။ အသားအရေကလည်း ခြောက်ကပ်နေတာပဲ။ ကျက်သရေကို မရှိဘူး။”

“ဟုတ်ပြီ . . . ကလေးတို့။ ကိုယ်အင်္ဂါချို့တဲ့သူတွေ၊ အရုပ်ဆိုး အကျည်းတန်သူတွေ၊ နောက်ပြီး အားအင်ချိနဲ့သူတွေ၊ လေးလံထိုင်းမှိုင်းသူတွေ၊ ကြောက်ရွံ့ထိတ်လန့်လွယ်သူတွေ၊ အနာရောဂါ များသူတွေ၊ အခြွေအရံ အပေါင်းအသင်းမရှိဘဲ အထီးကျန်နေရသူတွေဟာ အတိတ်ဘဝက သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခဲ့လို့ ခုဘဝမှာ  အဲဒီလိုတွေ ဖြစ်နေကြရတာပဲ။

တစ်ချို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတာ၊ တစ်ချို့ အရွယ်မရင့်သေးဘဲ သေဘေးဆိုက်ရတာတွေလည်း ကလေးတို့ မြင်ဖူး ကြားဖူးကြတယ် မဟုတ်လား။ အဲဒါတွေလည်း သတ်ဖြတ်ညှင်းဆဲခြင်းရဲ့ အကျိုးဆက်ကို ခံယူလိုက်ကြရတာပဲ။”

“သဘောပေါက်ပါပြီ ဘုရား . . .။”

“ဘုန်းဘုရား . . . မသတ်ဖြတ် မညှင်းဆဲဘဲ သနားကြင်နာတတ်တဲ့ သူဆိုရင် ဘဝတိုင်း ဘဝတိုင်း ရုပ်ချောမှာပေါ့။ အသက်ရှည်မှာပေါ့. . .။ ဒါဆိုရင်တော့. . . ကိုယ်ချင်းစာပြီး ကြင်နာမှ ဖြစ်မယ် . . .။”

“ကလေးတို့ . . . သနားကြင်နာတတ်တဲ့သူတွေ ရုပ်ဆင်းရူပကာ ချောမောလှပတာ၊ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တတ်တဲ့ ဒေါသအိုးတွေ အရုပ်ဆိုး အကျည်းတန်တာကတော့ ဘဝသံသရာမှာ မပြောနဲ့ ခုဘဝမှာကိုပဲ ထင်ရှားတယ်။ ဒေါသထွက်နေတဲ့သူတွေ၊ စိတ်ဆိုးနေတဲ့သူတွေ၊ စိတ်ညစ်နေတဲ့သူတွေဟာ ရုပ်ရည်လှလို့လား။ မျက်နှာထား ပုပ်သိုးသိုးနဲ့ အရုပ်ဆိုးနေကြတာ မဟုတ်လား။ သနားကြင်နာတတ်တဲ့ သူတွေကတော့ ဖော်ရွေတဲ့ အပြုံးနဲ့ လှနေကြတာ မဟုတ်လား။ ပင်ကိုယ်က ဘယ်လောက် ချောမောလှပတဲ့ သူပဲဖြစ်ဖြစ် ဒေါသထွက်နေရင် လှတော့လို့လား။ အပြုံးပန်းကတော့ အကျည်းတန်သူကိုတောင် လှစေနိုင်တယ်။ ငိုမဲ့တဲ့ ကလေးနဲ့ ပြုံးရယ်တဲ့ ကလေး ဘယ်သူက ပိုလှသလဲ။ ဘယ်သူက ပိုပြီး ချစ်စရာ ကောင်းသလဲ။ တောက်ပတဲ့ အကြင်နာ အပြုံးတစ်ပွင့်ဟာ လောကတစ်ထောင်ကို ကမ္ဘာတစ်ထောင် လင်းလက်စေနိုင်တယ် ကလေးတို့ . . .။”

ဘုရာရှင်၏ မေတ္တာ ကရုဏာ ကြွယ်ဝသော အပြုံးဓာတ်သည် ကလေးများထံ ကူးရောက်ပြန့်နှံ့သွား၏။ ဖြူဖြူစင်စင် အပြစ်ကင်းသော ကလေးတို့ မြတ်နိုးဖွယ် ပြုံးပျော်နေကြသည်။ ကလေးများနှင့် ဘုရားရှင်တို့ အတိုင်အဖောက်ညီညီ အပြန်အလှန် စကားဆိုနေကြရာ မောင်သာမလည်း ရဲစိတ်ဝင်လာပြီး နှုတ်ဆိတ်မနေနိုင်တော့ပေ။ ဘုရားရှင်ကို ရိုသေစွာ လက်လုပ်ချီရင်း ချိုကြည်စွာ လျှောက်ထားလိုက်၏။

“ဘုန်းဘုရား . . . သား . . . တစ်သက်လုံး သတ်ဖြတ်တာတွေ၊ ညှင်းဆဲတာတွေ မလုပ်တော့ပါဘူးဆိုတာကို ဘုန်းဘုရားသိအောင် သူငယ်ချင်းတွေသိအောင် ကတိပေးပါတယ် ဘုရား . . .။”

ကလေးအားလုံး မျက်လွှာချထားလျက် ဘုရားရှင်ကို လက်အုပ်ချီနေကြသည်။ ကလေးငယ်တို့သည် နုနယ်သူတို့ သဘာဝအလျောက် မိုက်မှားမိခဲ့ကြ၏။ သို့သော် မျိုးကောင်းမျိုးသန့် ကလေးများ၊ မိကောင်းဖကောင်းတို့၏ သားထူးသားမြတ်ကလေးများ၊ ပါရမီရှင်လေးများ ဖြစ်ကြသည့် အားလျော်စွာ ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို ခံယူရရှိသောအခါ ကလေးအားလုံး ဉာဏ်အလင်း ပေါက်သွားကြလေ၏။ အရွယ်ပင် ငယ်သော်လည်း အရိယာမဂ် ပထမအဆင့်ထိ ရောက်သွားကြ၏။ အရိယာ သူတော်စင်လေးများ ဖြစ်သွားကြပြီး တစ်သက်တာလုံး သတ်ဖြတ်မှု ညှင်းဆဲမှုများကို ရှောင်ကြဉ်ကြလေ၏။ ဘုရားရှင်ကိုလည်းကောင်း၊ ဘုရားရှင်၏ အဆုံးအမ မှန်သမျှကိုလည်းကောင်း၊ ဘုရားရှင်၏ တပည့်သား သံဃာတော် အားလုံးကိုလည်းကောင်း အသက်ထက်ပင် မြတ်နိုးနိုင်သော အာဂယောက်ျားလေးများ ဖြစ်သွားကြလေ၏။ အရွယ်ရောက်သောအခါ သာသနာတော်ကို အားတက်သရော ထောက်ပံ့ကြလေ၏။


:)
ရှင်အာစာရ
မှတ်ချက်။   ။ သမ္ဗဟုလကုမာရကဝတ္ထု (ဒဏ္ဍဝဂ်၊ ဓမ္မပဒအဋ္ဌကထာ) စသည်ကို မှီးပါသည်။

Friday, September 2, 2011

Bodhi-puja - ေဗာဓိပူဇာ

We (at Mangala Vihara Buddhist Temple, Singapore and some other temples and monasteries in the world, especially in Sri Lanka) pay homage to Bodhi-trees. The prominent reason is that the Ascetic Gotama attained Enlightenment under the Bodhi-tree. Is Bodhi-puja or paying homage to the Bodhi-tree, simply, a kind of tree worship? Frankly speaking, previously I did not pay homage to Bodhi-trees. But now I need to follow my temple’s tradition. I must pay homage to the Bodhi-tree at the temple, every day. When I need to do this, I need to define the meaning of what I’m doing. And thus I explored the Theravada Buddhist texts to find the following.

In the Nidhikanda-sutta-vannana of Khuddhakapatha-atthakatha, three kinds of cetiyas are stated: paribhoga-cetiya which is pagoda or sacred monument used by the Buddha, for example a Bodhi-tree; uddissaka-cetiya which is Buddha image or statue; and dhatu-cetiya which is pagoda or stupa where the Buddha’s relic is enshrined.

Moreover, Bodhi-tree is a symbol representing the Buddha himself. This symbolism was confirmed by the Buddha himself when he recommended the planting of a Bodhi-tree at Jetavana Monastery for worship and offerings during his absence (Kalingabodhi-jataka-vannana).

According to the commentary of Samannaphala-sutta etc., a monk who enters the courtyard of a Bodhi-tree should venerate the tree, and he should behave with all of his modesty as if he were in the presence of the Buddha.

In the Tipitaka, we find different kinds of Bodhi-pujas done by the disciples of Gotama Buddha in their previous existences. Following are some of the Bodhi-pujas. Vimala Thera: In the time of Kassapa Buddha, he watered the Bodhi-tree with scented water and he made a wish: “In my future may I be born with the body without stains, but clean and pure” (Vimala-tthera-gatha-vannana, Khuddaka Nikaya). Jambuka Thera: In the time of Tissa Buddha he paid homage to the Bodhi-tree and he fanned the tree with a fan in the manner of veneration to it (Jambuka-tthera-gatha-vannana, Khuddaka Nikaya). Sihasana-dayaka Thera: In the time of Padumuttara Buddha he offered a jeweled throne to the Bodhi-tree and he offered flowers and joss-sticks to the tree (Sihasanadayaka-thera-apadana-vannana).

Today we pay homage to the Bodhi-tree and we offer it flowers, candles, joss sticks etc. And we occasionally circumambulate the Bodhi-tree once or thrice to pay respect to it. The act of circumambulation is a Buddhist traditional way of paying respect to those worthy of respect. For example, at the end of Samannaphala-sutta, King Ajatasattu, delighting and rejoicing in the Buddha’s words, rose from his seat, bowed down to him, and left only after circumambulating the Buddha.

From the above it should be concluded that Bodhi-puja, paying homage to the Bodhi-tree, is Buddha-puja, paying homage to the Buddha.

Me