Saturday, March 5, 2011

Good Friend (Part 1) - မိတ်ဆွေကောင်း (အပိုင်း ၁)


အမြတ်ဆုံးဆွေမျိုး

“၀ိဿာသပရမာ ဉာတိ”ဟူသော ဓမ္မပဒပါဠိတော်လာ “၀ိဿာသပရမ ပုဂ္ဂိုလ်”၊ ချစ်ခင်ရင်းနှီး အကျွမ်းဝင်သော အပေါင်းအသင်း၊ ယုံကြည် စိတ်ချရသော မိတ်ဆွေတို့သည် “အမြတ်ဆုံးဆွေမျိုး”များ ဖြစ်ကြပေသည်။

အဆိုပါ ပါဠိကို ဖွင့်ဆိုသည့် ဓမ္မပဒအဋ္ဌကထာ၌ မိဘပင် ဖြစ်စေကာမူ ချစ်ကျွမ်းဝင်မှု မရှိလျှင် ဆွေမျိုးဉာတိ မမည်ကြောင်း၊ သွေးသားတော်စပ်မှု မရှိသော်လည်း ရင်းနှီးကျွမ်းဝင်မှု ရှိသူသည် ဆွေမျိုးသားချင်းပင် ဖြစ်ကြောင်း ဖွင့်ဆို၏။

ထဲထဲဝင်ဝင် ရင်းနှီး၍ အတွင်းသိ အစင်းသိ ဖြစ်သောကြောင့် ယုံယုံကြည်ကြည် စိတ်ချလက်ချ ပေါင်းသင်းနိုင်သော မိတ်ဆွေသည် ဆွေမျိုးသားချင်းနှင့် တူ၏။ သာမန် ဆွေမျိုးတို့ထက်ပင် မြင့်မြတ်သေး၏။ ထို့ကြောင့် မြန်မာစကား၌လည်း “ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဟု အဆိုတွင်၏။

မိတ်ဆွေကောင်း၏ကျေးဇူး

ထိုသို့ ဆွေးမျိုးအဖြစ် သတ်မှတ်သင့်သော၊ သာမန် ဆွေမျိုးများထက်ပင် သာလွန် မြင့်မြတ်သော မိတ်ကောင်းဆွေကောင်းတို့သည် သတ္တလောကကို ငြိမ်းချမ်းစေ၏။ ဘ၀ါဘ၀တို့ကို တိုးတက်စေ၏။ သဒ္ဓမ္မကို ထွန်းကားစေ၏။

မိတ်ကောင်းဆွေကောင်းသည် ဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော အမှီသဟဲကောင်း ဖြစ်၏။ လောက ငြိမ်းချမ်းသာယာရေးအတွက် အဓိကကျသော အစိတ်အပိုင်းလည်း ဖြစ်၏။

မိတ်ကောင်းဆွေကောင်းသည် လောကီစီးပွား အတွက်သာမက မဂ်ချမ်းသာ ဖိုလ်ချမ်းသာ လောကုတ္တရာချမ်းသာ ရရှိရေး အတွက်ပင် အထောက်အပံ့ ပေးနိုင်၏။

မိတ်ကောင်းဆွေကောင်းကို ဘုရားရှင် ကိုယ်တော်တိုင်ပင် ချီးမွမ်းတော်မူ၏။ 

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကောသလတိုင်း နဂရကနိဂုံး၌ သီတင်းသုံးတော်မူစဉ်က အရှင်အာနန္ဒာသည် မိတ်ကောင်း ဆွေကောင်းနှင့် ပေါင်းသင်းခွင့်ရလျှင် မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော အကျင့်ကို တစ်ဝက် ပြီးစေနိုင်ပြီဖြစ်ကြောင်း ဘုရားရှင်ကို လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က အရှင်အာနန္ဒာ၏ လျှောက်ထားချက်ကို ပယ်မြစ်၍ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းခွင့်ရလျှင် မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော အကျင့်ကို အပြည့်အစုံ ပြီးမြောက်စေနိုင်ကြောင်း မိန့်တော်မူ၏။

မိတ်ကောင်းဆွေကောင်း သူတော်ကောင်းနှင့် ပေါင်းသင်းခွင့်ရလျှင် မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော မဂ္ဂင်ရှစ်ပါးကို ကြိမ်ဖန်များစွာ ပွားများကျင့်သုံးနိုင်မည်ဖြစ်ကြောင်း၊ သတ္တ၀ါတို့သည် မြတ်စွာဘုရားတည်းဟူသော အဆွေခင်ပွန်းကောင်းကို အကြောင်းပြု၍ အိုနာသေစသော ဘေးဆိုးတို့မှ လွန်မြောက်ကာ လောကုတ္တရာ စီးပွားဖြစ်သည့် မဂ်ချမ်းသာ ဖိုလ်ချမ်းသာကို ခံစားနိုင်ကြောင်း ကလျာဏမိတ္တသုတ်၌ ဘုရားရှင် မိန့်တော်မူ၏။

ထို့ပြင် အာနန္ဒသုတ်၌ မိတ်ဆွေကောင်းရှိလျှင် သာသနာတော်၌ ကြီးပွားတိုးတက်နိုင်ကြောင်း အရှင်အာနန္ဒာကိုပင် မိန့်တော်မူခဲ့၏။

ထို့ပြင် ပါထိက၀ဂ်၊ သင်္ဂီတိသုတ်၌ မိတ်ကောင်းဆွေကောင်း သူတော်ကောင်းကို မှီဝဲဆည်းကပ်လျှင် သောတာပတ္တိမဂ် ရနိုင်ကြောင်း အရှင်သာရိပုတ္တရာသည် ရဟန်းတို့ကို မိန့်တော်မူ၏။

ထို့ပြင် မိတ်ဆွေကောင်းရှိခြင်း၊ မိတ်ဆွေကောင်းနှင့် ပေါင်းခွင့်ရသည်ကို ဂုဏ်ယူခြင်း၊ မိတ်ဆွေကောင်း မရှိသေးသူကို ရှိအောင်ကူညီခြင်း၊ မိတ်ဆွေကောင်း ရှိပြီးသူကို ချီးမွမ်းခြင်းတို့သည် ကြီးပွားတိုးတက်ကြောင်း အပရိဟာနိယ တရားများပင်ဖြစ်ကြောင်း ဒုတိယသောဝစဿတာသုတ် နှင့် ဒေ၀တာသုတ်တို့၌ အရှင်သာရိပုတ္တရာကို ဘုရားရှင် မိန့်တော်မူ၏။

ထို့ပြင် မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းခွင့်ရလျှင် လက်တွေ့ ချမ်းသာရနိုင်ကြောင်းလည်း ဒီဃဇာဏုသုတ်၌ ကောလိယပုတ္တ ဒီဃဇာဏုကို ဘုရားရှင် မိန့်တော်မူ၏။

ထို့ပြင် မိတ်ဆွေကောင်း ရှိခြင်းသည် သဒ္ဓါတရား ရှိခြင်း၏ အမှတ်အသားဖြစ်ကြောင်း သုဘူတိသုတ်၌ သုဘူတိမည်သော ရဟန်းကို ဘုရားရှင် မိန့်တော်မူ၏။

ထို့ပြင် မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းခွင့်ရလျှင် ကိလေသာမှ လွတ်မြောက်စေနိုင်ကြောင်းလည်း မေဃိယသုတ်၌ အလုပ်အကျွေးဖြစ်သည့် မေဃိယရဟန်းကို ဘုရားရှင် မိန့်တော်မူ၏။

ထို့ပြင် မိတ်ဆွေကောင်းရှိသော ရဟန်းသည် လှူဖွယ်ပစ္စည်းကို ရပ်ဝေးမှ ဆောင်ယူ၍ ပူဇော်ထိုက်ခြင်း အာဟုနေယျဂုဏ်၊ ဧည့်သည်တို့အတွက် စီမံအပ်သော လှူဖွယ်ဝတ္ထုဖြင့် ပူဇော်ထိုက်ခြင်း ပါဟုနေယျဂုဏ်၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံယူထိုက်ခြင်း ဒက္ခိဏေယျဂုဏ်၊ လက်အုပ်ချီထိုက်ခြင်း အဉ္ဇလိကရဏီယဂုဏ်၊ သတ္တ၀ါ အပေါင်းတို့၏ ကုသိုလ်မျိုးစေ့ စိုက်ပျိုးကြဲချရာ မြတ်သော လယ်မြေဖြစ်ခြင်း အနုတ္တရပုညခေတ္တဂုဏ်များ ပြည့်စုံနိုင်ကြောင်း ရဟန်းများကို ဘုရားရှင် မိန့်တော်မူ၏။

အချုပ်အားဖြင့် လောကီစီးပွား လက်တွေ့ချမ်းသာ ရရှိနိုင်ခြင်း၊ သဒ္ဓါတရား တိုးပွား၍ အကျင့်မြတ်ကို ကျင့်သုံးခြင်းဖြင့် ကိလေသာမှ လွန်မြောက်ကာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာဖြစ်သည့် လောကုတ္တရာ စီးပွားကိုလည်း လက်တွေ့ ခံစားနိုင်ခြင်း၊ သံဃာဖြစ်လျှင် သံဃာ့ဂုဏ်နှင့် ပြည့်စုံစေနိုင်ခြင်း၊ လူဖြစ်လျှင် လူ့သိက္ခာနှင့် ပြည့်စုံနိုင်ခြင်းတို့ကို မိတ်ဆွေကောင်း၏ ကျေးဇူးများအဖြစ် မှတ်သားသင့်ပေသည်။

လောကီစီးပွားသာမက လောကုတ္တရာစီးပွား မဂ်ဖိုလ်တို့ကိုပါ ဖြစ်စေတတ်သော ယုံကြည်ရသူ မိတ်ဆွေကောင်းကို အလေးပြု၍ ပေါင်းသင့်ပေသည်။

ဆွေမျိုးနှင့် မိတ်ဆွေ

ဤသို့ ဘုရားရှင် ကိုယ်တော်တိုင် အကြောင်းအမျိုးမျိုး ပြ၍ ချီးမွမ်းတော် မူခဲ့သည့် ဆွေမျိုးကဲ့သို့ မှတ်ယူသင့်သူ၊ အောက်တန်းစား ဆွေမျိုးတို့ထက်ပင် သာလွန်နိုင်သူ ကလျာဏမိတ္တမည်သော မိတ်ကောင်း ဆွေကောင်း၏ သဘောသဘာဝကို စိစစ် ကြည့်သင့်ပေသည်။

ပါဠိအဘိဓာန်၌ ဆွေမျိုးသားချင်းတို့ကို ဉာတိ၊ ဉာတက၊ သာလောဟိတ၊ ဗန္ဓု၊ ဗန္ဓ၀၊ သဇန၊ သဂေါတ္တ၊ သပိဏ္ဍ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲ၏။ မိတ်ဆွေ အပေါင်းအသင်းတို့ကိုကား မိတ္တ၊ ၀ယသ၊ သဟာယ၊ သုဟဒ၊ သခ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲ၏။

ဆွေမျိုးမည်ပုံ

ကိုယ့်ကို အတွင်းလူအဖြစ် သိမှတ်သူ၊ ကိုယ်ကလည်း သူ့ကို အတွင်းလူအဖြစ် သိမှတ်ထားသူတို့ကို ဉာတိဟုလည်းကောင်း၊ ဉာတကဟုလည်းကောင်း ခေါ်ဆိုရ၏။

သွေးသားတော်စပ်သူ အရင်းအချာတို့သည် သာလောဟိတ မည်၏။

ချစ်ခြင်းမေတ္တာဖြင့် အပြန်အလှန် နှောင်ဖွဲ့ထားသူများကို ဗန္ဓုဟုလည်းကောင်း၊ ဗန္ဓ၀ဟုလည်းကောင်း ခေါ်ဆိုရ၏။

ကိုယ်ကိုသူ့လူ သူ့ကိုကိုယ့်လူအဖြစ် သိမှတ်ထားသူများသည် သဇနမည်၏။

အမျိုးအနွယ် တူသူများကို သဂေါတ္တဟု ခေါ်၏။

တစ်လုံးတည်း တစ်ပေါင်းတည်း သွေးစည်းကြသူများသည် သပိဏ္ဍ မည်၏။

မိတ်ဆွေမည်ပုံ

မေတ္တာရှိသူ မေတ္တာသက်ဝင် ချစ်ခင်အပ်သူများသည် မိတ္တမည်၏။

သက်တူရွယ်တူသည် ၀ယသ မည်၏။

ဆိုးတူကောင်းတူ ရှိနိုင်သူများသည် သဟာယမည်၏။ အချိန်မရွေး နေရာမရွေး ပေါ်ပေါက်လာသော အမှုကိစ္စတိုင်းကို အတူလက်တွဲ ဆောင်ရွက်နိုင်သူများပင် ဖြစ်ကြသည်။

စိတ်သဘောထား ကောင်းမြတ်သူသည် သုဟဒမည်၏။ 

ငယ်ပေါင်း သူငယ်ချင်းများသည် သခမည်၏။ ငယ်ပေါင်းကစားဖက်၊ မြေမှုန့်လူး စကားဘက်၊ ပံသုကီဠသဟာတို့ပင် ဖြစ်သည်။

မိတ်ဆွေတို့၏ အပြန်အလှန် ယုံကြည်မှုသည် အချိန်ကာလကို မှီ၏။ မိတ်ဆွေစစ်တို့၏ ယုံကြည်စိတ်ချမှုသည် ကာလကြာလေ ခိုင်မြဲလေ ဖြစ်၏။ မိတ်ဆွေတုတို့သည်ကား တွေ့ဆုံခါစ အချိန်၌ စိတ်သဘောထား ကောင်းနိုင်သော်လည်း၊ အယုတ်ဆုံးအားဖြင့် ကောင်းဟန်ဆောင်နိုင်သော်လည်း အချိန်ကာလ ကြာလာလျှင် သဘောဆိုး မနောဆိုးတို့ ပေါ်လာတတ်၏။ 

ကာဠကဏ္ဏိဇာတ်တော်အရ မိတ်ဆွေနှင့် ဆွေမျိုးတို့၏ အဓိပ္ပာယ်ကို ဆက်ဆံထိတွေ့မှု ကာလအလျှောက် အောက်ပါအတိုင်း ဖွင့်ဆိုနိုင်၏။

-   ခြေ ခုနစ်လှမ်း အတူသွားဖူးသူသည် မိတ္တ-အဆွေခင်ပွန်း မည်၏။

-   ခြေ ဆယ်လှမ်း အတူသွားဖူးသူသည် အပေါင်းအဖော်-သဟာယ မည်၏။

-   လ၀က်ကြာအောင် အတူနေဖူးသူသည် ဆွေမျိုး-ဉာတိ မည်၏။

-   ထို့ထက်ကြာအောင် ယုံယုံကြည်ကြည် ပေါင်းအပ်သူသည် အတ္တသမ-ကိုယ်နှင့်ထပ်တူ ညီ၏။



Picture form (3 March 2011): http://www.myoilart.com/index.php?main_page=popup_image&pID=12202

3 comments:

  1. "ဆွေမျိုးနှင့်မိတ်ဆွေ" ခေါင်းစဉ်အောက်၊ အောက်ဆုံးစာကြောင်းမှာ "မိတ်ဆွေ အပေါင်းအသင်းတို့ကိုကာ" ဖြစ်နေတယ်ဘုရား.. ၀စ္စပေါက် ကျန်နေတယ်ထင်တယ် ဘုန်းဘုန်း။

    ဘုန်းဘုန်း စာအုပ်ထုတ်ရင် စာလုံးပေါင်းစစ်ရတာ သက်သာအောင်..

    ရိုသေခင်မင်စွာဖြင့်

    ReplyDelete
  2. ကောင်းလိုက်တာဘုရား။ ဒါလည်း မိတ်ကောင်းဆွေကောင်းတို့ရဲ့
    ရေးသား သိစေခြင်းအလေ့အထလေးဖြစ်လို့ Good Friend ပါပဲဘုရား။ ဆက်ရန်..လေးကိုအောက်မေ့လျက်..

    ReplyDelete
  3. ကျေးဇူးတင်ထိုက်သော မိတ်ဆွေကောင်းဆရာတော် နှင့် မိတ်ဆွေကောင်း တကာတော်တို့ ဖြစ်ပါပေ၏။ :)

    ReplyDelete